ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ နီပါဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အတည်ပြုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ WHOရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းမှာ အမျိုးသမီး တစ်ဦးဟာ အဲဒီ သေနှုန်းမြင့်တဲ့ ဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။
အိမ်နီးချင်း အိန္ဒိယ နိုင်ငံမှာ နီပါဗိုင်းရပ်စ် ကူးစက်လူနာ နှစ်ဦး ဓာတ်ခွဲတွေ့ရှိကြောင်း အတည်ပြု ကြေညာထားတဲ့နောက် အာရှတောင်ပိုင်း ဒေသတွင်း နိုင်ငံတွေက ဝင်ရောက်လာတဲ့ ခရီးသွားတွေကို အာရှနိုင်ငံ တချို့က လေဆိပ်မှာ ကိုယ်အပူချိန် တိုင်းတာတာမျိုး အစီအမံတွေ ကျင့်သုံးပြီး စောင့်ကြည့်လာပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ နီပါဗိုင်းရပ်စ် ကူးစက်မှုတွေကို နှစ်တိုင်းလိုလို ကြုံတွေ့တဲ့ နိုင်ငံတစ်ခုလို့ သိရပါတယ်။
WHOရဲ့ အဆိုအရ အသက် ၄၀ နဲ့ ၅၀ ကြားအရွယ် အမျိုးသမီးဟာ ဇန်နဝါရီ ၂၁ ရက်နေ့တုန်းက နီပါဗိုင်းရပ်စ် ကူးစက်ထားတဲ့ လက္ခဏာတွေဖြစ်တဲ့ အပြင်းဖျားတာ၊ ခေါင်းကိုက်တာတွေ စတင် ပြသလာပြီး အဲဒီနောက်မှာတော့ အကြောဆွဲတာ၊ ကယောင်ချောက်ချားဖြစ်တာ၊ သွားရည်တွေ အလွန်အကျွံထွက်တာမျိုးတွေပါ ခံစားလာရတယ်လို့ WHOက ဆိုပါတယ်။

Public Service Announcement
တစ်ပတ်လောက် အကြာမှာ အဲဒီလူနာ သေဆုံးခဲ့ပြီး နောက်တစ်ရက်မှာတော့ နီပါဗိုင်းရပ်စ်ကြောင့် ဆိုတာကို အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ သေဆုံးသူဟာ ခရီးသွားလာထားတဲ့ ရာဇဝင်မှတ်တမ်း မရှိပေမယ့် စွန်ပလွံသီးတွေကို စားထားဖူးတယ် ဆိုတာကိုတော့ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အခုတော့ သူနဲ့ အနီးကပ် ထိတွေ့ဖူးသူ ၃၅ ဦးကို သီးသန့်ခွဲခြား စောင့်ကြည့်ထားပါတယ်။
နီပါဗိုင်းရပ်စ်ဟာ သစ်သီးစား လင်းနို့တွေကနေတဆင့် လူကို အဓိက ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် အဲဒီ လင်းနို့တွေ စားသောက်ထားတဲ့၊ ထိတွေ့ထားတဲ့ သစ်သီးတွေကနေ ဗိုင်းရပ်စ်ကူးနိုင်ပါတယ်။
နီပါဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုထုံးရော၊ အစွမ်းထက်တဲ့ ကာကွယ်ဆေးပါ မရှိသေးပါဘူး။ အဲဒီဗိုင်းရပ်စ်ဟာ လူကို ကူးစက်နိုင်ခြေ နည်းပေမယ့် သေနှုန်းက ၄၀ ကနေ ၇၅ ရာခိုင်နှုန်းလောက်ထိ မြင့်မားပါတယ်။ လူအချင်းချင်း ကူးစက်နိုင်ခြေ ရှိပေမယ့် အရမ်းဖြစ်တောင့်ဖြစ်ခဲလို့ WHOက ဆိုပါတယ်။
အိန္ဒိယရဲ့ အနောက်ဘင်္ဂလား ပြည်နယ်ထဲမှာ ကျန်းမာရေး ဝန်ထမ်းနှစ်ဦး နီပါဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ် ဆိုတာကို ကြေညာခဲ့တဲ့နောက် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်တို့ဟာ အာရှတောင်ပိုင်း နိုင်ငံတွေကနေ ရောက်လာတဲ့ ခရီးသွား ဧည့်သည်တွေကို လေဆိပ်မှာ ကိုယ်အပူချိန် တိုင်းတာတဲ့ အစီအစဉ်တွေ စတင်ကျင့်သုံးခဲ့ပါတယ်။
WHOကတော့ အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါဗိုင်းရပ်စ် ကူးစက်မှုတွေဟာ ဒေသပြင်ပကို ရောက်လာနိုင်ခြေ အရမ်းနည်းကြောင်း မှတ်ချက်ပေးထားပါတယ်။
ဓာတ်ခွဲ စစ်ဆေးမှု ရလဒ်တွေအရ ၂၀၂၅ ခုနှစ်တုန်းကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အဲဒီဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Reuters

















































