Connect with us

Hi, what are you looking for?

သတင်း

နီပါဗိုင်းရပ်စ်ကို စိုးရိမ်လို့ အာရှနိုင်ငံတချို့ လေဆိပ်တွေမှာ ကိုယ်အပူချိန် တိုင်းတာမှုတွေ လုပ်ဆောင်လာ

အိန္ဒိယမှာ နီပါဗိုင်းရပ်စ် ကူးစက်မှုတွေ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် အာရှနိုင်ငံ တချို့ဟာ လေဆိပ်မှာ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးမှုတွေ လုပ်ဆောင်လာနေကြောင်း သိရပါတယ်။

အိန္ဒိယမှာ နီပါဗိုင်းရပ်စ် ကူးစက်မှုတွေ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် အာရှနိုင်ငံ တချို့ဟာ လေဆိပ်မှာ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးမှုတွေ လုပ်ဆောင်လာနေကြောင်း သိရပါတယ်။

အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက အနောက်ဘင်္ဂလား ပင်လယ်ထဲမှာ အဲဒီ သေနှုန်းမြင့်တဲ့ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာနှစ်ဦးကို တွေ့ရှိထားကြောင်း အတည်ပြု ကြေညာခဲ့ပြီး ကူးစက်မှုတွေကို အချိန်မီ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ မလေးရှားတို့လို နိုင်ငံတွေဟာ အဲဒီ နီပါဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပွားရာ နေရာတဝိုက် နယ်မြေတွေကနေ ရောက်လာတဲ့ ခရီးသည်တွေကို လေဆိပ်မှာ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးမှုတွေ စတင် လုပ်ဆောင်လာခဲ့ပါတယ်။

နီပါဗိုင်းရပ်စ်ဟာ သစ်သီးစား လင်းနို့တွေနဲ့ ဝက်လိုမျိုး နို့တိုက်သတ္တဝါ မျိုးစိတ်တချို့ကနေ လူတွေဆီကို ကူးစက်နိုင်ပါတယ်။ အဲဒီ ဗိုင်းရပ်စ် ကူးစက်ခံရရင် သေဆုံးနိုင်ခြေက ၄၀ ကနေ ၇၅ ရာခိုင်နှုန်းထိ မြင့်မြင့်မားမား ရှိပြီး ကုသဆေးနဲ့ ကာကွယ်ဆေးတွေ မပေါ်သေးပါဘူး။

Public Service Announcement

Public Service Announcement

နီပါဗိုင်းရပ်စ်ဟာ အပြင်းဖျားတာ၊ ကိုယ်လက်အင်္ဂါတွေ ကိုက်ခဲတာ၊ အသက်ရှူလမ်းကြောင်းမှာ ပြဿနာတွေ ပေါ်တာ၊ ဦးနှောက်ရောင်ရမ်းတာ၊ တက်တာစတဲ့ လက္ခဏာတွေ ပြသနိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။

သီအိုရီအရ နီပါဗိုင်းရပ်စ်ဟာ လူအချင်းချင်း ကူးစက်နိုင်တယ် ဆိုပေမယ့်လည်း ရောဂါရှိသူနဲ့ အချိန်အကြာကြီး ထိတွေ့တဲ့ အခြေအနေမျိုးမှာမှ ဖြစ်တောင့်ဖြစ်ခဲ ကူးစက်တာမျိုးလို့ ဆိုပါတယ်။ အများအားဖြင့်တော့ လင်းနို့တွေနဲ့ ထိတွေ့ထားတဲ့ သစ်သီးတွေကို လူသားတွေက စားမိတာမျိုးကနေ ရောဂါ ကူးစက်နိုင်ပါတယ်။

နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးတချို့ တီထွင်နေပေမယ့် စမ်းသပ်ဆဲ အဆင့်မှာသာ ရှိကြပါသေးတယ်။ အရင်ကလည်း အိန္ဒိယနဲ့ အာရှဒေသတွင်း နိုင်ငံတချို့မှာ ကြိုကြားကြိုကြား ကူးစက်မှုတချို့ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က နီပါဟာ ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်ထိ ကျယ်ပြန့်သွားနိုင်ခြေရှိတဲ့ အလေးထား စောင့်ကြည့်ရမယ့် ဗိုင်းရပ်စ်တွေ စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

သတိထားနေတာ မမှားဘူး ဆိုပေမယ့် လက်ရှိမှာတော့ လူအများ ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ် ထိတ်လန့်ရမယ့် ကျန်းမာရေး ပြဿနာကြီး အဆင့်ကိုတော့ မရောက်သေးဘူးလို့ ဗြိတိန်နိုင်ငံ၊ အက်ဆက်စ် တက္ကသိုလ်မှာရှိတဲ့ မော်လီကျူး ဗိုင်းရပ်စ်ပညာရှင် အက်ဖ်စတာသီယို့စ် ဂျီယိုတစ္စက ပြောကြားခဲ့ပါတယ်။

အိန္ဒိယမှာ ရောဂါ ကူးစက် ခံထားရသူ နှစ်ဦးစလုံးဟာ ကျန်းမာရေး ဝန်ထမ်းတွေဖြစ်ပြီး ဒီဇင်ဘာ လကုန်ကတည်းက ဆေးရုံတက်နေခဲ့ရတာလို့ သိရပါတယ်။ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက သူတို့နှစ်ဦးရဲ့ အခြေအနေကိုတော့ တိတိကျကျ မထုတ်ပြန်ခဲ့ပါဘူး။ သူတို့နှစ်ဦးမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့တဲ့နောက် ထိတွေ့မိသူ ၁၉၆ ဦးစလုံးကို ခွဲခြားကြပ်မတ် စောင့်ကြည့်ခဲ့ပေမယ့် ဘယ်သူမှ ရောဂါလက္ခဏာတွေ ပြသမလာခဲ့ဘူးလို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

အိန္ဒိယမှာ နီပါဗိုင်းရပ်စ် ကူးစက်လူနာတွေ တွေ့ရှိခဲ့တဲ့နောက် အိမ်နီးချင်း နီပေါနိုင်ငံက ကျန်းမာရေး အာဏာပိုင်တွေလည်း အရေးပေါ် တပ်လှန့် ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စင်ကာပူမှာတော့ ကူးစက်ရောဂါ ထိန်းချုပ်ရေး အေဂျင်စီက နီပါဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပွားနေရာ ဒေသတွင်းက ရောက်လာတဲ့ ခရီးသည်တွေအားလုံး လေဆိပ်မှာ ကိုယ်အပူချိန် စစ်ဆေးမှု ခံယူရမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ လိုအပ်တဲ့ အခြေအနေအရ တုံ့ပြန် ကိုင်တွယ်တဲ့ ကိစ္စကို တောင်အာရှ ဒေသတွင်းက မိတ်ဖက် နိုင်ငံတွေဆီ အသိပေး အကြောင်းကြားထားကြောင်းလည်း အဲဒီ အေဂျင်စီက ပြောပါတယ်။

ဟောင်ကောင် နိုင်ငံတကာ လေဆိပ်မှာလည်း ကိုယ်အပူချိန် စစ်ဆေးမှုတွေ လုပ်ဆောင်မယ့် အကြောင်းကို လေဆိပ် တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့ပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်းက ထိုင်းနဲ့ မလေးရှားတို့မှာလည်း လေဆိပ်အတွင်း စောင့်ကြည့်မှုတွေကို ပိုမို ကြပ်မတ် တိုးမြှင့်ထားကြောင်း အသီးသီး ကြေညာထားပါတယ်။

တရုတ် ကျန်းမာရေး ဝန်ကြီးဌာနကတော့ ပြည်တွင်းမှာ နီပါကူးစက်လူနာ တစ်ဦးမှ မရှိသေးပေမယ့် ပြည်ပကနေ ဝင်ရောက်လာနိုင်ခြေ အန္တရာယ်တွေအတွက် ကြိုတင် ပြင်ဆင်မှုတွေ စီမံထားကြောင်း မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ နီပါဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

နီပါဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အိန္ဒိယနိုင်ငံရဲ့ ပိုင်နက်ပြင်ပဆီ ရောက်လာဖို့ အလားအလာ အရမ်းနည်းပါးနေဆဲလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က မှတ်ချက်ပေးခဲ့ပါတယ်။

သတင်း

နီပါဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုတွေကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် အိန္ဒိယ အာဏာပိုင်တွေက ရောဂါထိန်းချုပ်ရေး အစီအမံတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

နှစ်ဆန်းပိုင်းမှာ တရုတ် မိုးပျံပူဖောင်းကို ပစ်ချခဲ့တဲ့နောက် အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က တရုတ်ဟာ အဲဒီလို မိုးပျံပူဖောင်းတွေကို တပ်ဖွဲ့ကြီး တစ်ခုပုံစံ ဖွဲ့စည်းပြီး ကမ္ဘာ့ ဒေသအနှံ့အပြားကို စေလွှတ်ထားတယ်လို့ ယုံကြည်ရကြောင်း စွပ်စွဲ ပြောဆိုထားပါတယ်။