နှစ်နိုင်ငံ နယ်စပ်မှာ ကနေဒါက တည်ဆောက်နေတဲ့ တံတားသစ်ကြီးနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မကျေနပ်ချက်တွေကို အိမ်ဖြူတော်ဖက်က ထုတ်ပြောခဲ့ပါတယ်။

ကနေဒါရဲ့ အွန်တေရီအို ပြည်နယ်နဲ့ အမေရိကန်ရဲ့ မစ်ချီဂန် ပြည်နယ်တွေကို ဆက်သွယ်ပေးမယ့် တံတားကြီးဟာ နှစ်နိုင်ငံကြား စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ပေါင်းကူးပေးမယ့် အသက်သွေးကြောအသစ် တစ်ခု ဖြစ်လာမယ်လို့ ထင်ကြေးပေး ခံထားရပါတယ်။
အခုသီတင်းပတ် အစောပိုင်းမှာတော့ ထရမ့်က ဂေါ်ဒီဟောင်း နိုင်ငံတကာ တံတားကြီးရဲ့ အစွန်းနှစ်ဖက်စလုံးကို ကနေဒါက ထိန်းချုပ်ထားခြင်းက အမေရိကန်အတွက် လုံးဝ မမျှတဘူးလို့ မှားယွင်း စွပ်စွဲခဲ့ပြီး အခုနှစ်ထဲမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ တံတားကို အမေရိကန်ဖက်က ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးတော့ တံတားကိစ္စနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ အတိအကျ ထုတ်မပြောတဲ့ ကိစ္စတချို့ကို ကနေဒါဆီကနေ တောင်းဆိုထားပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးက သူဟာ ထရမ့်နဲ့ ဖုန်းပြောခဲ့ကြောင်း၊ တံတားနဲ့ ပတ်သက်လို့ အငြင်းပွားနေမှုတွေကို ဖြေရှင်းနိုင်မယ်လို့လည်း သူယုံကြည်ကြောင်း သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။ သူက တံတားရဲ့ ကုန်ကျစရိတ် အားလုံးကို ကနေဒါ အစိုးရက ကျခံခဲ့တာဖြစ်တယ်လို့ ပြောကြားသွားပြီး ထိန်းချုပ်မှုကိုတော့ အွန်တေရီအိုနဲ့ မစ်ချီဂန် ပြည်နယ် အစိုးရတွေကြား မျှဝေ ပိုင်ဆိုင်စေဖို့ သဘောတူထားကြောင်း ဆိုပါတယ်။

Public Service Announcement
မစ်ချီဂန် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရတ်ချန် ဝှစ်မားကလည်း ကနေဒါကပဲ တံတားကို အလုံးစုံ ထိန်းချုပ်ထားမယ်ဆိုတဲ့ ထရမ့်ရဲ့ စွပ်စွဲချက် မှားယွင်းခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဝှစ်မားရဲ့ ရုံးက တံတားတည်ဆောက်မှု ကုန်ကျစရိတ်တွေကို ကနေဒါက ကျခံခဲ့တဲ့တိုင် တံတားကို ထိန်းချုပ်ပိုင်ခွင့်ကတော့ ပြည်နယ်အစိုးရနဲ့ ကနေဒါတို့ကြား မျှဝေ တာဝန်ယူမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ကနေဒါ ဟော်ကီကြယ်ပွင့်ဟောင်းရဲ့ နာမည်ကို ဂုဏ်ပြု မှည့်ခေါ်ထားတဲ့ တံတားကြီးအတွက် ဒေါ်လာ ၄.၇ ဘီလီယံလောက် ကုန်ကျခဲ့ပြီး ၂၀၁၈ မှာ ဆောက်လုပ်ရေး စီမံကိန်းတွေ စတင်ခဲ့ပါတယ်။ ထရမ့်က တံတားဖွင့်ပွဲကို ပိတ်ပစ်မယ်လို့ အစောပိုင်းတုန်းက လူမှုကွန်ရက် မီဒီယာပေါ် ခြိမ်းခြောက် ရေးသားခဲ့ရာမှာ ကနေဒါဟာ တံတားတည်ဆောက်ဖို့အတွက် အမေရိကန်ဆီက ကုန်ကြမ်းပစ္စည်းတွေ မှာယူ အသုံးပြုခဲ့ခြင်း မရှိဘူး ဆိုပြီးလည်း ထည့်သွင်း စွပ်စွဲထားခဲ့ပါတယ်။
ကာနေးကတော့ တံတားကြီးကို ဆောက်လုပ်ချိန်မှာ အမေရိကန်ရဲ့ သံမဏိတွေကို အသုံးပြုခဲ့သလို အမေရိကန် နိုင်ငံသား ဝန်ထမ်းတွေကိုလည်း ခန့်အပ်ခဲ့တဲ့အကြောင်း ထရမ့်ဆီ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုရဲ့ အနှစ်သာရကို ပေါ်လွင်စေတဲ့ သဘောတရားလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီးဖြစ်တဲ့ ကာရိုလိုင်း လီယာဗစ်ကတော့ တံတားရဲ့ ဖြတ်သန်းခွင့်ကိုရော၊ တံတားရဲ့ နှစ်ဖက်အစွန်းက မြေတွေကိုပါ ကနေဒါက ထိန်းချုပ်ထားမယ်ဆိုတဲ့ အချက်ကို သမ္မတ ထရမ့်က လက်မခံနိုင် ဖြစ်နေတယ်လို့ ပြောကြားသွားပါတယ်။ ပြီးတော့ တံတား တည်ဆောက်မှုမှာ အမေရိကန်လုပ် ကုန်ကြမ်းပစ္စည်းတွေ များများ မသုံးခဲ့တာကလည်း လက်မခံနိုင်စရာ ဖြစ်နေဆဲလို့ လီယာဗစ်က ဝေဖန်သွားပါတယ်။
အမေရိကန်မှာ ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက အိမ်နီးချင်း ကနေဒါနိုင်ငံနဲ့ ဆက်ဆံရေးက အနုတ်လက္ခဏာဆန်တဲ့ အရွေ့တွေဆီ ဦးတည်လာခဲ့ပါတယ်။ ထရမ့်က ကနေဒါဟာ အမေရိကန်ကို မှီခိုပြီး ကောင်းစားနေတယ်လို့ ပြောခဲ့ဖူးသလို ကနေဒါ နိုင်ငံဟာ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာသင့်တယ်ဆိုတဲ့ မှတ်ချက်မျိုးကိုလည်း ပေးခဲ့ဖူးပါတယ်။
တံတားတည်ဆောက်ရေး ကိစ္စမှာ အဓိက ညှိနှိုင်းခဲ့သူ မစ်ချီဂန် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ ထရမ့်ကိုယ်စားပြုတဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်လည်းဖြစ်တဲ့ ရစ်ခ်စနိုက်ဒါက အဲဒီ တံတားကြီးဟာ အမေရိကန်နဲ့ ကနေဒါကြား လက်ရှိ ဆက်သွယ်ရေး လမ်းကြောင်းနှစ်ခုဖြစ်တဲ့ သံအမတ်ကြီးတံတားနဲ့ ဒက်ထရိုက်-ဝင်ဆာ ဥမင်တွေမှာ ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချဖို့ ကနေဒါက ငွေကုန်ကြေးကျခံ တည်ဆောက်ခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။
ကနေဒါနဲ့ မစ်ချီဂန် ပြည်နယ်တွေဟာ တံတားကို ၅၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်မှာ ဖြစ်ကြောင်း၊ အံ့ဩစရာ ကောင်းလောက်အောင်ပဲ ကနေဒါဟာ တံတားတစ်စင်းလုံးအတွက် ငွေကြေး စိုက်ထုတ် အကုန်အကျ ခံခဲ့ကြောင်း၊ တံတား ဖြတ်သန်းခ ကောက်ယူငွေတွေကနေ အတိုးတွေကို ပြန်ဆပ်ဖို့ ကနေဒါက စီစဉ်ထားပြီး မစ်ချီဂန်နဲ့ အမေရိကန်ကတော့ ဘာရင်းနှီးမြှုပ်နှံမှုမှ မလိုဘဲ တံတားရဲ့ တစ်ဝက်ကို ထိန်းချုပ်ပိုင်ခွင့် ရမှာဖြစ်ကြောင်း သူက လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
စနိုက်ဒါက ထရမ့်အနေနဲ့ သူ့ရဲ့ အကြံပေးတွေနဲ့ သတင်းရင်းမြစ်တွေက သူ့အတွက် သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန် ထောက်ပံ့ပေးနေတာ ဟုတ်ရဲ့လား ဆိုတာကို ပြန်ဆန်းစစ်ကြည့်သင့်ပြီလို့လည်း တိုက်တွန်းသွားပါတယ်။
ကိုးကား: AP

















































