ကနေဒါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းနဲ့ နေအိမ်တစ်ခုက ပစ်ခတ်မှု ကျူးလွန်သူဟာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်တယ်လို့ ရဲတွေက ကြေညာခဲ့ပါတယ်။
ကနေဒါ အနောက်ပိုင်းမှာရှိတဲ့ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်ထဲက မြို့ငယ်လေး တွမ်ဘလာရစ်ဂျ်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ မြို့ထဲက ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးကို ပစ်ခတ်ခဲ့ပြီး လူ ၈ ဦး သေဆုံးစေခဲ့တဲ့ ဖြစ်ရပ်ကို ကျူးလွန်သူဟာ အသက် ၁၈ နှစ်အရွယ် ဂျက်ဆီဗန် ရွတ်ဆဲလား ဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။

အစောပိုင်းမှာ သတင်းတွေက အညိုရောင် ဆံပင်နဲ့ အမျိုးသမီး သေနတ်သမား လက်ချက်ကြောင့် လူ ၉ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပေမယ့် နောက်တော့ သေဆုံးစာရင်းကို ၈ ဦးလို့ ရဲတွေက အတည်ပြုခဲ့ပါတယ်။ ပြီးတော့ ရွတ်ဆဲလားကလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။
ကျောင်းထဲမှာ လူ ၆ ဦးသေဆုံးခဲ့ပြီး သင်ကြားရေး ဝန်ထမ်း ၁ ဦးနဲ့ ကျောင်းသူကျောင်းသား ၅ ဦးလို့ သိရပါတယ်။ နေအိမ်မှာ သေဆုံးသူ ၂ ဦးကတော့ သံသယ တရားခံရဲ့ အသက် ၃၉ နှစ်အရွယ် မိခင်၊ မိခင်ရဲ့ နောက်အိမ်ထောင်ကနေ ပါလာတဲ့ အသက် ၁၁ နှစ်အရွယ် မောင်ဖြစ်သူတို့ပါ။

Public Service Announcement
ရွတ်ဆဲလားဟာ အမျိုးသားတစ်ဦးအဖြစ် မွေးဖွားလာပေမယ့် အမျိုးသမီး ဘဝကို ပြောင်းလဲ ခံယူထားသူလို့ ရဲတွေက ပြောပါတယ်။ သူဟာ အခင်းဖြစ်ပွားတဲ့ ကျောင်းကနေ လွန်ခဲ့တဲ့ ၄ နှစ်လောက် ကတည်းက ကျောင်းထွက်ခဲ့ပါတယ်။ ကနေဒါနိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး စာရင်းဝင် ကျောင်းတွင်းတိုက်ခိုက်မှု တစ်ခုကို ကျူးလွန်ခဲ့တဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။

ပစ်ခတ်မှုက နေအိမ်နားမှာ စပြီး ဖြစ်ခဲ့ကြောင်း၊ အဲဒီနောက် သံသယရှိသူဟာ ကျောင်းဆီကို တန်းသွားခဲ့တာဖြစ်ကြောင်း ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲ ဒွိန်းမက်ဒေါနဲလ်က ပြောပါတယ်။
အမှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပေမယ့် ရွတ်ဆဲလားမှာ ကြံရာပါတွေ မရှိနိုင်ဘူးလို့ ရဲတွေက ယုံကြည်ထားပါတယ်။ ရဲတွေဟာ ပစ်ခတ်မှုနဲ့ ဆက်စပ်တဲ့ ပြောင်းရှည်သေနတ်တစ်လက်၊ ပြုပြင်မွမ်းမံထားတဲ့ ပစ္စတိုတစ်လက်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
စုစုပေါင်း ဒဏ်ရာရသူ ၂၅ ဦးထက်မနည်း ရှိခဲ့ပြီး အခြေအနေ စိုးရိမ်ရသူ နှစ်ဦးကိုတော့ ဆေးရုံဆီ ရဟတ်ယာဉ်နဲ့ တင်ပို့ခဲ့ပါတယ်။
တွမ်ဘလာရစ်ဂျ်ဟာ ရော့ကီတောင်တန်းတွေရဲ့ အခြေမှာတည်ရှိပြီး လူ ၂၄၀၀ လောက်သာ နေထိုင်တဲ့ မြို့လေးတစ်ခုပါ။ ပစ်ခတ်မှု ဖြစ်ပွားတဲ့ ကျောင်းမှာတော့ ကျောင်းသူကျောင်းသား ၁၆၀ လောက် တက်ရောက် ပညာသင်ကြားနေပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Getty, Reuters

















































