အမေရိကန်ဟာ အီရန်နဲ့ ဆွေးနွေးမှုတွေကို ဆက်ပြီး လုပ်ဆောင်နေမှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဆီ အသိပေးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့က နေတန်ညာဟုရဲ့ အိမ်ဖြူတော် ခရီးစဉ်မှာ ထရမ့်က သူ့သဘောထားကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ နေတန်ညာဟုက အစ္စရေးရဲ့ ခါးသီးရန်ဘက် အီရန်အပေါ် အမေရိကန်က ပိုပြီး တင်းမာပြတ်သားတဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပေမယ့် ထရမ့်ကတော့ အီရန် နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး ဆက်လက် ညှိနှိုင်းနေဦးမယ်လို့ ပြောဆိုသွားပါတယ်။
သဘောတူညီမှု တစ်ခုခု ရနိုင်၊ မရနိုင် သေချာသွားတဲ့ထိ အီရန်နဲ့ ဆွေးနွေးမှုတွေ ဆက်ရှိနေဦးမယ်လို့ သူက နေတန်ညာဟုဆီ ပြောခဲ့ကြောင်း ၃ နာရီကြာ တွေ့ဆုံ ဆွေးနွေးပွဲ အပြီးမှာ ထရမ့်က လူမှုကွန်ရက်ပေါ် ရေးသားထားခဲ့ပါတယ်။
ဆွေးနွေးမှုတွေကနေ သဘောတူညီမှု တစ်ခုခု ရဖို့က သူ့ရဲ့ ဦးစားပေး မျှော်လင့်ချက်ဆိုတာ နေတန်ညာဟုဆီ အသိပေးခဲ့ပြီး တကယ်လို့ သဘောတူညီမှု မရခဲ့ရင်တော့ နောက်ဆက်တွဲ ရလဒ်ကို စောင့်ကြည့်ရုံသာရှိကြောင်းလည်း ထရမ့်က ဆိုပါတယ်။ ထရမ့်က အီရန် အနေနဲ့ နျူကလီးယား စီမံကိန်းကို မစွန့်လွှတ်ရင် အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ခိုက် အရေးယူမှုမျိုးကို ကြုံနိုင်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement
နေတန်ယာဟုရဲ့ ရုံးကတော့ ဝန်ကြီးချုပ်ဟာ သမ္မတ ထရမ့်နဲ့ တွေ့ဆုံချိန်မှာ အီရန် နျူကလီးယားအရေး ဆွေးနွေးမှုတွေက အစ္စရေးရဲ့ လုံခြုံရေး လိုအပ်ချက်တွေနဲ့ပါ ဆက်နွှယ်နေတယ် ဆိုတာကို အလေးအနက် ထပ်မံရှင်းပြခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့တွေဟာ အီရန်နျူကလီးယား ထိန်းချုပ်ရေး ကိစ္စအတွက် ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး အိုမန်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးနေပါတယ်။
မနှစ်ကလည်း နှစ်ဖက်ကိုယ်စားလှယ်တွေ ၆ ကြိမ်လောက် တွေ့ဖြစ်ခဲ့ကြပေမယ့် အီရန်နဲ့ အစ္စရေးကြားက ၁၂ ရက်စစ်ပွဲအတွင်း အမေရိကန်က အီရန် နျူကလီးယား စက်ရုံတွေကို ဗုံးဝင်ကြဲခဲ့တဲ့နောက်ပိုင်း ဆွေးနွေးမှုတွေ ဆိုင်းငံ့နေခဲ့တာပါ။
ထရမ့်နဲ့ နေတန်ညာဟုတို့ရဲ့ အိမ်ဖြူတော်က တွေ့ဆုံမှုဟာ တံခါးပိတ် အစည်းအဝေး လုပ်ခဲ့တာဖြစ်ပြီး အသေးစိတ် အကြောင်းအရာတွေကို မထုတ်ပြန်ပါဘူး။ နေတန်ညာဟုကလည်း ပုံမှန် လုပ်ရိုးလုပ်စဉ် ကြိုဆိုမှု အခမ်းအနားတွေတောင် မပါဘဲ အိမ်ဖြူတော်ရဲ့ ဘေးဖက်အပေါက်ကနေ ဝင်ရောက်ခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာတော့ ထရမ့်နဲ့ နေတန်ညာဟုတို့ လက်ဆွဲ နှုတ်ဆက်နေတာကို တွေ့ခဲ့ရပါတယ်။
အီရန်နဲ့ အမေရိကန်တို့ရဲ့ ဆွေးနွေးမှုတွေဟာ အီရန်က ယူရေနီယမ် သန့်စင်မှုတွေကို အပြီးပိုင် စွန့်လွှတ်ဖို့ လက်မခံသေးတဲ့အတွက် တိုးတက်မှုတွေ ရရှိဖို့ ရုန်းကန်နေရပါတယ်။ အီရန် အစိုးရက ယူရေနီယမ် သန့်စင်မှုဆိုတာ နိုင်ငံရဲ့ ရပိုင်ခွင့် ဖြစ်တယ်လို့ ယူဆထားပြီး လုံးဝဥဿုံ စွန့်လွှတ်ဖို့ အမေရိကန်ရဲ့ ဖိအားပေး တောင်းဆိုမှုကို ငြင်းဆိုထားပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ဟာ နျူကလီးယား လက်နက်တွေ တည်ဆောက်ဖို့ ကြံစည်နေကြောင်း စွပ်စွဲထားပြီး အီရန်ကတော့ နိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေဟာ စွမ်းအင်ကဏ္ဍအတွက် ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုဖို့သာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Reuters

















































