ဖေဖော်ဝါရီ-၁၂၊၂၀၂၆။People’s Spring
အမေရိကန်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ခရီးရှည် ကြွချီမှု (Walk for Peace) အစီအစဉ်ဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။
ထေရဝါဒ ဘုန်းတော်ကြီး ၂၄ ပါးဟာ အဲဒီခရီးစဉ်ကို မနှစ်က စတင်ခဲ့ပြီး အခုသီတင်းပတ်မှာတော့ ဝါရှင်တန် ဒီစီမြို့တော်ဆီကို ဆိုက်ရောက်လာနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ တက္ကဆက်စ် ပြည်နယ်ရဲ့ ဖို့သ်ဝေါ့သ်ကနေ အောက်တိုဘာ ၂၆ ရက်နေ့တုန်းက စတင်ခဲ့တဲ့ ခရီးစဉ်ဟာ ၁၀၈ ရက်အကြာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ ဘုန်းတော်ကြီးတွေဟာ မိုင်ပေါင်း ၂၃၀၀ လောက်ကို စင်္ကြန်ကြွခဲ့ကြတာ ဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်ဆီ ဘုန်းတော်ကြီးတွေ ရောက်ရှိလာချိန်မှာ ဒေသခံတွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။ အလားတူပဲ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကျရင် မေရီလန်းကနေ ဘတ်စ်ကားနဲ့ နေရပ်ဆီ ပြန်သွားမယ့် ကိုယ်တော်တွေရဲ့ အပြန်ခရီးကို ကြိုဆိုဖို့လည်း တက်တက်ကြွကြွ ပြင်ဆင်နေပါတယ်။

Public Service Announcement
သမ္မတ အေဘရာဟမ်လင်ကွန်း အထိမ်းအမှတ် ဗိမာန်ကြီးမှာတော့ ဘုန်းတော်ကြီးတွေရဲ့ အကြီး အမှူးဆရာတော် အရှင်ပညာကာရကငြိမ်းချမ်းရေးလမ်းလျှောက်မှုအစီအစဉ်ကိုဝိုင်းဝန်းထောက်ခံအားပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပါတယ်။

လမ်းခရီးတလျှောက် အကူအညီပေးခဲ့တဲ့ လူ့အဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ရဲတွေကိုလည်း ကျေးဇူးတင်ကြောင်းအရှင်ပညာကာရက မိန့်ပါတယ်။
မေတ္တာနဲ့ ကရုဏာတရားတွေ ပွားများဖို့အတွက် လုပ်ပိုင်ခွင့်တွေ၊ ငွေကြေးတွေ၊ ရာထူးဂုဏ်တွေ မလိုအပ်ကြောင်း၊ သူတစ်ပါးကို နာကျင်အောင် ပြောဆိုပြုမူမှုတွေကို ရှောင်ကြဉ်ရုံနဲ့တင် လုံလောက်ကြောင်း၊ လူတိုင်းက ကိုယ့်လုပ်ရပ်ကြောင့် တစ်ယောက်ယောက် နာကျင်ထိခိုက်သွားမလား ဆိုတာလောက်ကို တစ်စက္ကန့်လောက် အချိန်ယူ စဉ်းစားရုံနဲ့တင် ကရုဏာတရား ပိုမိုပြည့်ဝတဲ့ ကမ္ဘာကြီး ဖြစ်လာနိုင်ကြောင်းလည်း ဦးပညာစာရက ဩဝါဒ ပေးခဲ့ပါတယ်။
ဘုန်းတော်ကြီးတွေဟာ တက္ကဆက်စ်၊ လူဝီစီးယားနား၊ မစ္စစ္စပီ၊ အလာဘားမား၊ ဂျော်ဂျီယာ၊ တောင်ကာရိုလိုင်းနား၊ မြောက်ကာရိုလိုင်းနားနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေကို ဖြတ်သန်းခဲ့ကြပါတယ်။
ခရီးစဉ်ရဲ့ အစိတ်အပိုင်း အတော်များများကို ဖိနပ်မပါဘဲ ကြွချီခဲ့ကြသလို အရမ်းအေးခဲတဲ့ ရာသီဥတုထဲမှာလည်း ခရီးဆက်ခဲ့ကြပါတယ်။နှင်းမုန်တိုင်းကြားမှာတောင်မရပ်နားပဲခရီးဆက်ကြွချီခဲ့ကြတာပါ။

ပြီးတော့ဒီခရီးဟာအလုံးစုံ အန္တရာယ်ကင်းခဲ့တာ မဟုတ်ပါဘူး။ နိုဝင်ဘာလတုန်းက ဘုန်းတော်ကြီးတွေကို လိုက်လံ စောင့်ရှောက်ပေးနေတဲ့ လုံခြုံရေးယာဉ် တစ်စီးက ဟူစတန်မှာ မတော်တဆမှုဖြစ်ပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဘုန်းတော်ကြီး တစ်ပါးကတော့ ခြေတစ်ဖက်ပါ ဖြတ်ခဲ့ရပါတယ်။
ဇန်နဝါရီလမှာလည်းသံဃာတော်တွေရဲ့ခရီးစဉ်တလျှောက် အဖော်လိုက်ခဲ့တဲ့ ခွေးလေး အာလောကဟာ ခွဲစိတ်မှုတစ်ခု ခံယူခဲ့ရပေမယ့် နောက်တော့ ပြန်ကျန်းမာလာပြီး သံဃာတော်တွေရဲ့ ခရီးစဉ်ကို ပြန်ပူးပေါင်းခဲ့ပါတယ်။
Walk for Peaceဟာ အမေရိကန် ပြည်ထောင်စုမှာ ထိခိုက်နာကျင်မှုတွေကို ပြန်ကုစားဖို့၊ စည်းလုံးမှုနဲ့ ချစ်ခင်မှုတွေကို အားပေးဖို့ ရည်ရွယ်ထားတဲ့ လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာဟာ လားရာတစ်ခု မဟုတ်ဘဲ ရွေးချယ် ကျင့်သုံးမှု တစ်ခုဖြစ်ကြောင်း၊ အခု ခရီးစဉ်က ငြိမ်းချမ်းရေးဟာ စိတ်နှလုံးထဲကနေ စတင်ပြီး မိသားစုတွေ၊ လူ့အဖွဲ့အစည်းတွေနဲ့ တစ်နိုင်ငံလုံးဆီ ပြန့်ပွားစေနိုင်တယ်ဆိုတာ ပြသဖို့ ရည်ရွယ်ကြောင်း ခရီးစဉ် အစမှာ ကြေညာခဲ့ပါတယ်။
ဖြတ်သန်းခဲ့တဲ့ ခရီးရှည်ကြီးတလျှောက် ဒေသခံ ထောင်ပေါင်းများစွာဟာ ဘုန်းတော်ကြီးတွေကို လေးလေးစားစား တွေ့ဆုံခဲ့ပြီး အကူအညီတွေ ပေးခဲ့ကြပါတယ်။ ဘုရားကျောင်းတွေ၊ ပြည်နယ်မြို့တော်တွေမှာလည်း ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ခဲ့ကြသလို ကလေးတွေက ပန်းတွေကပ်ပြီး ဘုန်းတော်ကြီးတွေကလည်း မေတ္တာပို့ ဆုတောင်းပေးခဲ့ကြပါတယ်။
ဂျော်ဂျီယာမှာ ရှိနေတုန်းကတော့ ငြိမ်းချမ်းရေး ဘုန်းတော်ကြီးတွေဟာ မင်္ဂလာ စုံတွဲတစ်တွဲအတွက်လည်း ကောင်းချီးပေး ဆုတောင်းခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ သမ္မတလင်ကွန်း အထိမ်းအမှတ် ဗိမာန်ဆီ ဘုန်းတော်ကြီးတွေ ကြွမလာခင်မှာ လူတွေ ရာနဲ့ချီ စုဝေးစောင့်ဆိုင်းနေခဲ့ပြီး သံဃာတော်တွေ ရောက်လာချိန်မှာတော့ ကောင်းချီးဩဘာ ပေးခဲ့ကြပါတယ်။
Walk for Peaceဟာ လူမှုကွန်ရက်ပေါ်မှာလည်း လူအများ စိတ်ဝင်စားတဲ့ လှုပ်ရှားမှု ဖြစ်ခဲ့ပြီး Facebookမှာ followထားသူ ၂.၈ သန်းကျော်နဲ့ TikTokပေါ်မှာ ၁.၃ သန်းကျော် ရှိခဲ့ပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ ခွေးလေး အာလောကအကြောင်း ဖော်ပြနေတဲ့ Facebook စာမျက်နှာမှာတောင် follower ၁ သန်းဝန်းကျင် ရှိနေပါတယ်။
ဘုန်းတော်ကြီးတွေဟာ ပျမ်းမျှ တစ်နေ့ကို မိုင် ၂၀ လောက်နှုန်းနဲ့ခရီးရှည်ကြွချီခဲ့ကြတာဖြစ်ပါတယ်။ ခရီးစဉ် တလျှောက်မှာလည်း တစ်နေ့ကို ဆွမ်းတစ်နပ်ပဲ ဘုဉ်းပေးတာ အပါအဝင် ဝိနည်းကျင့်ဝတ်တွေကို တိတိကျကျ လိုက်နာခဲ့ကြပါတယ်။
ကိုးကား-USA Today
ဓါတ်ပုံ-Walk for Peace၊AP ၊FOX ၊Guardian

















































