တရုတ် ငါးဖမ်းလှေ တစ်စီးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ဂျပန်က အတည်ပြုခဲ့ပါတယ်။ အရှေ့အာရှ အင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုပြဿနာ ပေါ်ပေါက်လာခဲ့တာပါ။
ဂျပန် အာဏာပိုင်တွေရဲ့ အဆိုအရ နိုင်ငံ အနောက်တောင်ပိုင်း၊ နာဂါဆာကီ ကမ်းလွန်က အထူးစီးပွားရေးဇုန် သတ်မှတ်ထားရာ ရေပြင်မှာ ရှိနေတဲ့ တရုတ် ငါးဖမ်းလှေကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့ တားဆီးချိန်မှာ မောင်းပြေးခဲ့တာကြောင့် အခုလို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ငါးဖမ်းလှေရဲ့ ရေယာဉ်မှူးကိုလည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဖြစ်စဉ်မှာ ထိန်းသိမ်းခဲ့တယ်လို့ ဂျပန် ငါးလုပ်ငန်း အေဂျင်စီက ပြောပါတယ်။ ငါးဖမ်းလှေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်အောင် ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် လိုက်နာဖို့ ပျက်ကွက်ပြီး မောင်းပြေးခဲ့တာ ဖြစ်တယ်လို့ ဂျပန် ငါးလုပ်ငန်း အေဂျင်စီက ထုတ်ပြန်ပါတယ်။
ဒါဟာ ၂၀၂၂ နောက်ပိုင်း တရုတ် ငါးဖမ်းလှေ တစ်စီးကို ဂျပန်က ပထမဆုံးအကြိမ် ဖမ်းဆီးမှု ဖြစ်လာပါတယ်။ အဲဒီတုန်းကလည်း ငါးလုပ်ငန်း အေဂျင်စီက တရုတ် ငါးဖမ်းလှေကို ဖမ်းခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး တရုတ်ဖက်က ဘာမှ မှတ်ချက် မပေးသေးပါဘူး။ ဂျပန်ငါးလုပ်ငန်း အေဂျင်စီရဲ့ အဆိုအရ တရုတ် ငါးဖမ်းလှေပေါ်မှာ ရေလုပ်သား ၁၁ ဦး လိုက်ပါခဲ့ပြီး ကျားပိုက်နဲ့ ငါးဖမ်းတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ရေယာဉ်မှူးက အသက် ၄၇ နှစ်အရွယ် တရုတ်နိုင်ငံသားပါ။
ဂျပန်တဝိုက် ရေပြင်မှာ နိုင်ငံရပ်ခြား တိုင်းပြည်တွေရဲ့ တရားမဝင် ငါးခိုးဖမ်းမှုတွေကို တားဆီးဖို့အတွက် ဂျပန် အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူ တုံ့ပြန်မှုတွေ ဆက်လုပ်သွားမယ်လို့ ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူး မီနိုရု ခီဟာရာက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ဂျပန်ဝန်ကြီးချုပ် စနအဲ တကအိချိက ထိုင်ဝမ်နဲ့ ပတ်သက်လို့ မှတ်ချက်စကားတစ်ခွန်း ပြောခဲ့ရာက တရုတ်နဲ့ ဂျပန်ကြား ဆက်ဆံရေး သိသိသာသာ တင်းမာသွားခဲ့ပါတယ်။ တကအိချိက တကယ်လို့ ထိုင်ဝမ်ကျွန်းကို တရုတ်ကသာ တိုက်ခိုက်ခဲ့ရင် ဂျပန်ကလည်း ထိုင်ဝမ်ကို ကူဖို့အတွက် စစ်တပ်တွေ စေလွှတ်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
တရုတ်က တကအိချိရဲ့ စကားဟာ ဂျပန်ရဲ့ တကျော့ပြန် ခေါင်းထောင်လာချင်နေတဲ့ စစ်ဝါဒကို ညွှန်ပြနေကြောင်း စွပ်စွဲခဲ့သလို ဂျပန်အပေါ် သံတမန်ရေး၊ ကုန်သွယ်ရေး နည်းလမ်းတွေနဲ့ ဖိအားပေး တုံ့ပြန်လာခဲ့ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် လွတ်လပ်စွာ ရပ်တည်မှုကိုသာ လိုလားကြောင်း အတိအလင်း ပြောထားပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Getty Images


















































