အစိုးရ ပြောင်းသွားတာက အီရန်မှာ အကောင်းဆုံးကိစ္စ ဖြစ်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်ကြား ဆက်ဆံရေး တင်းမာနေချိန်မှာ ထရမ့်က အီရန်ရဲ့ ဘာသာရေး အခြေပြု အုပ်ချုပ်မှု စနစ်ကို ပျောက်ကွယ်သွားဖို့ လိုလားကြောင်း အတိအလင်း ထုတ်ပြောလာတာ ဖြစ်ပါတယ်။ အီရန်ရဲ့ နျူကလီးယား စီမံကိန်းတွေကို ကန့်သတ်ထိန်းချုပ်ဖို့ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ညှိနှိုင်းလို့ မရဘဲ နှစ်ဖက် တင်းမာနေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အမေရိကန်ဟာ ထရမ့်ရဲ့ အမိန့်အရ အီရန်နိုင်ငံ ပိုင်နက်နားမှာ တပ်အင်အား အလုံးအရင်း တိုးမြှင့် ဖြန့်ကျက်ထားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၄၇ နှစ်တာအတွင်း အီရန်ရဲ့ အစ္စလာမ်မစ် အစိုးရဟာ လက်တွေ့ လုပ်ဆောင်မှုထက် စကားလုံးတွေနဲ့ပဲ အချိန်ကုန်နေခဲ့ကြောင်း၊ တခြားတစ်ဖက်မှာတော့ အသက်တွေ အများကြီး စတေးခဲ့ရကြောင်း ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဘာသာရေးခေါင်းဆောင် အဓိပတိကြီး အယာတိုလာ အလီ ခါမေနီ ဦးဆောင်တဲ့ အစိုးရကို ဖယ်ရှားပြီးရင် ဘယ်သူက အီရန်မှာ အစိုးရ ဖြစ်သင့်သလဲ ဆိုတာကိုတော့ အတိအကျ မှတ်ချက်ပေးဖို့ ထရမ့်က ငြင်းဆိုသွားပါတယ်။ သူက အီရန်ကို ခေါင်းဆောင်နိုင်မယ့်သူတွေ ရှိသင့်သလောက် ရှိနေတယ်လို့ပဲ ပြောပါတယ်။ အီရန် အစိုးရဖက်ကတော့ ထရမ့်ရဲ့ မှတ်ချက်အပေါ် ဘာမှ မတုံ့ပြန်သေးပါဘူး။

Public Service Announcement
နှစ်ဖက် တင်းမာမှုတွေ မြင့်တက်နေချိန် အတောအတွင်း အမေရိကန်ဟာ အီရန်ရေပိုင်နက်နားကို ဒုတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကိုလည်း ထပ်မံ စေလွှတ်ထားပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သင်္ဘောလို့ သတ်မှတ် ခံထားရတဲ့ USS Gerald R Fordဟာ အိန္ဒိယ သမုဒ္ဒရာထဲကို ကြိုတင် ရောက်ရှိနေတဲ့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီးအပြင် တခြား ပဲ့ထိန်း ဒုံးကျည်တပ် ဖျက်သင်္ဘောတွေ၊ စစ်သင်္ဘောတွေနဲ့ ပူးပေါင်းသွားမှာပါ။ ထရမ့်ကတော့ အီရန်နားမှာ စုဝေးနေတဲ့ အမေရိကန် စစ်သင်္ဘောတွေကို ဧရာမ ရေတပ်မကြီးတစ်ခုလို့ ညွှန်းဆိုထားပါတယ်။
ထရမ့်က USS Gerald R Fordကို ရိုက်ကူးထားတဲ့ ဝေဟင်ဓာတ်ပုံကိုလည်း လူမှုကွန်ရက် မီဒီယာ Truthမှာ ဖော်ပြထားခဲ့ပါတယ်။ နောက်ထပ် လေယာဉ်တင် သင်္ဘောကြီးဖြစ်တဲ့ USS Abraham Lincolnကတော့ ဇန်နဝါရီလ ကတည်းက အီရန်နိုင်ငံနားကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
အီရန်မှာ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေးနောက်ပိုင်း အကြီးမားဆုံး လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ပြီး အစိုးရရဲ့ ကြမ်းတမ်းရက်စက်တဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြပြည်သူ ထောင်နဲ့ချီ သေဆုံးခဲ့တဲ့နောက် အမေရိကန်က အဲဒီ သတ်ဖြတ်မှုတွေကို ဟန့်တားဖို့ သတိပေးမှုအဖြစ် USS Abraham Lincoln ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စုကို အီရန် ရေပိုင်နက်နား စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – AP


















































