Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်ပထွက်ခွာဖို့ ကြိုးစားချိန် ယူကရိန်း စွမ်းအင်ဝန်ကြီးဟောင်းကို အဂတိ တိုက်ဖျက်ရေး အရာရှိတွေ ဖမ်းဆီး

နိုင်ငံကနေ ထွက်ခွာဖို့ စီစဉ်နေချိန်မှာပဲ ယူကရိန်း စွမ်းအင် ဝန်ကြီးဟောင်းဟာ အဂတိ တိုက်ဖျက်ရေး အရာရှိတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

နိုင်ငံကနေ ထွက်ခွာဖို့ စီစဉ်နေချိန်မှာပဲ ယူကရိန်း စွမ်းအင် ဝန်ကြီးဟောင်းဟာ အဂတိ တိုက်ဖျက်ရေး အရာရှိတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

ဂျာမန် ဂါလူရှ်ချန်ကိုဟာ အဂတိ အရှုပ်တော်ပုံ တစ်ခုနဲ့ ဆက်စပ်နေကြောင်း ပေါ်ပေါက်လာတဲ့နောက် မနှစ်တုန်းက အစိုးရ အဖွဲ့ထဲကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတော့ ယူကရိန်းကနေ ထွက်ခွာမယ့် ရထားတစ်စီးပေါ်မှာ ကြားဖြတ် ဖမ်းဆီးတာ ခံခဲ့ရကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ဂါလူရှ်ချန်ကိုဟာ ဘယ်နိုင်ငံဆီ သွားရောက်ဖို့ စီစဉ်နေခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

နိုဝင်ဘာလတုန်းက ဒေါ်လာ သန်း ၁၀၀ လောက်ကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အစိုးရ အရာရှိ တချို့ရဲ့ အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီး ဂါလူရှ်ချန်ကိုက တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။

အဲဒီ အရှုပ်အထွေးဟာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အစိုးရ အဖွဲ့ကိုပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ပါတယ်။ ဇီလန်စကီးဟာ ရုရှားရဲ့ ကျူးကျော်စစ် မတိုင်ခင် ရွေးကောက်ပွဲ အနိုင်ရခဲ့တုန်းက နိုင်ငံရဲ့ အဂတိ ကိစ္စတွေကို အမြစ်က ဆွဲနုတ်ပစ်မယ်လို့ ကြွေးကြော်ပြီး မဲဆွယ်ခဲ့သူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးရဲ့ အနီးကပ် မဟာမိတ် တစ်ဦးဖြစ်သူ ယူကရိန်းစစ်တပ် အကြီးအကဲ အန်ဒရီ ယာမက်ခ်ဟာလည်း နေအိမ်ကို အဂတိ တိုက်ဖျက်ရေး အေဂျင်စီ အရာရှိတွေ ဝင်ရောက်ရှာဖွေခဲ့တဲ့ ကိစ္စအပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအရှုပ်တော်ပုံမှာ ဇီလန်စကီးရော၊ ယာမက်ခ်ပါ အမှားအယွင်းတစ်ခုခု ပါဝင်ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဘာစွပ်စွဲချက်မှတော့ မရှိခဲ့ပါဘူး။

တစ်ဖက်မှာတော့ ဒီကိစ္စအပြီး အမေရိကန် အစိုးရက ယူကရိန်းမှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ ပိုမိုဖိအားပေးလာပါတယ်။ ၂၀၂၂ မှာ ရုရှားရဲ့ ကျူးကျော်စစ် စတင်လာတဲ့နောက် ယူကရိန်းရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပမှုကို ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ အမျိုးသား အဂတိ တိုက်ဖျက်ရေး ဗျူရို (NABU)က အေဂျင်စီရဲ့ စုံထောက်တွေဟာ ရထားတစ်စီးပေါ်မှာ စွမ်းအင် ဝန်ကြီးဟောင်းကို တက်ရောက် ဖမ်းဆီးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ဗျူရိုက အဖမ်းခံရသူကို ဂါလူရှ်ချန်ကိုလို့ တိုက်ရိုက် နာမည် မတပ်ခဲ့ပေမယ့် ရာထူးဟောင်းကိုတော့ ထုတ်ပြန်ခဲ့သလို ယူကရိန်း မီဒီယာတွေကလညး ဂါလူရှ်ချန်ကို အဖမ်းခံခဲ့ရတာလို့ ဖော်ပြခဲ့ကြပါတယ်။

ဂါလူရှ်ချန်ကိုဟာ စွမ်းအင် ဝန်ကြီးအဖြစ် ၃ နှစ်ကြာ တာဝန်ယူခဲ့ပြီးတဲ့နောက် တရားရေး ဝန်ကြီးအဖြစ် အချိန်တိုလေး တာဝန်ပြောင်းယူပြီး နုတ်ထွက်လိုက်ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ အရိုက်အရာကို ဆက်ခံတဲ့ စွမ်းအင်ဝန်ကြီးသစ် ဆီဗစ်လာနာ ဟန်းချက်ခ်ကလည်း အဂတိ အရှုပ်တော်ပုံနဲ့ ဆက်စပ်နေတာကြောင့် နုတ်ထွက်ခဲ့ရပါတယ်။

ဝန်ကြီးဟောင်းကို ဖမ်းဆီးခဲ့ကြောင်း အတည်ပြုတာကလွဲရင် တခြား အသေးစိတ် အချက်အလက်တွေကို NABUက မထုတ်ပြန်သေးပါဘူး။ Operation Midasလို့ နာမည်ပေးထားတဲ့ အဂတိ တိုက်ဖျက်မှု အစီအမံ တစ်ခု အကြောင်းကို ၁၅ လကြာ စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာ NABUက ကြေညာခဲ့ပြီး စစ်ဆေးမှု ရလဒ်တွေအဖြစ် အစိုးရ အရာရှိကြီး တချို့ဟာ နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍနဲ့ ဆက်စပ်လို့ အကြီးအကျယ် ခြစားမှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။