အခုနှစ် တရုတ်နှစ်သစ်ကူး အခမ်းအနားမှာ တရုတ်ဟာ ကွန်ဖူး သိုင်းပညာ လှုပ်ရှားကစားနိုင်တဲ့ လူတူစက်ရုပ်တွေကို ပွဲထုတ် ပြသလာခဲ့ပါတယ်။
တရုတ် အစိုးရပိုင် CCTV သတင်းဌာနရဲ့ လူကြည့်အများဆုံး အစီအစဉ်ဖြစ်တဲ့ နွေဦးပွဲတော် ဖျော်ဖြေမှု အစီအစဉ်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထုတ်လွှင့် ပြသခဲ့ပြီး စက်ရုပ်တွေရဲ့ ကွန်ဖူးစွမ်းရည် ပြသမှုဟာ ကြည့်ရှုသူတွေကို အဆွဲဆောင်နိုင်ဆုံး အပိုင်းမျိုး ဖြစ်လာပါတယ်။
စက်ရုပ်တွေက ကွန်ဖူးကစားပြနေတဲ့ ဗီဒီယိုတွေဟာ လူမှုကွန်ရက်တွေပေါ်မှာလည်း မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားပါတယ်။ လူတူစက်ရုပ်တွေ ထုတ်လုပ်တဲ့ တရုတ် နည်းပညာ လုပ်ငန်းစုအသစ်တွေဖြစ်တဲ့ Unitree Robotics၊ Galbot၊ Noetixနဲ့ MagicLabတို့ ပူးပေါင်းပြီး သူတို့ရဲ့ ထုတ်ကုန်တွေကို အဲဒီ အစီအစဉ်ထဲမှာ ထည့်သွင်း ပြသခဲ့ပါတယ်။

Unitreeရဲ့ လူတူစက်ရုပ်တွေက ကွန်ဖူးသိုင်းကွက်တွေကို စည်းချက်ညီညီနဲ့ အချိန်ကြာကြာ အစွမ်းပြသွားခြင်းကတော့ ပရိသတ်တွေရဲ့ လက်ခုပ်ဩဘာသံတွေကို အကျယ်လောင်ဆုံး ဆွတ်ယူနိုင်စေခဲ့ပါတယ်။

Public Service Announcement
တရုတ်ဟာ အနာဂတ် လူတူစက်ရုပ်တွေ တည်ဆောက်ရေး စျေးကွက်ထဲမှာ အင်နဲ့အားနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်ခုပါ။ တရုတ် ကုမ္ပဏီတွေရဲ့ စက်ရုပ်တွေကို ပြပွဲတွေ၊ အခမ်းအနားတွေ၊ ပြိုင်ပွဲတွေမှာ ထည့်သွင်းခဲ့ပြီး အလွဲအမှားတွေ၊ အရှက်ကွဲစရာတွေ ဖြစ်ခဲ့ဖူးသလို အဲဒီအခြေအနေတွေကို အစဉ်တစိုက် ပြန်လည် ပြင်ဆင်ရင်း ဆက်တိုက် တိုးတက်လာနေတာ ဖြစ်ပါတယ်။
စက်ရုပ်တွေဟာ လူသားတွေနဲ့ တွဲဖက်ပြီးလည်း ဟန်ချက်ညီညီ သိုင်းကွက်တွေ အစွမ်းပြခဲ့သလို ကျွမ်းထိုးတာတွေ၊ နောက်ပြန်ပြေးတာတွေကို အမှားအယွင်းမရှိ ပြသခဲ့ပါတယ်။ ပရိသတ်တွေ ပွဲအကျဆုံး ပြကွက်တွေကတော့ နံချပ်ကူ ကစားတာ၊ အရက်မူးသမားသိုင်းကွက် ကစားပြသွားခဲ့တာတွေ ဖြစ်ပါတယ်။
တရုတ်ရဲ့ AgiBotနဲ့ Unitreeတို့လို စက်ရုပ်ကုမ္ပဏီတွေဟာ ရောင်းတမ်းဝင် စက်ရုပ်တွေကို စျေးကွက်ထဲ စတင်ဖြန့်ချိဖို့ စီစဉ်နေချိန်မှာ အခုလို လူအများကို ဖမ်းစားနိုင်တဲ့ ပြကွက်မျိုးကို မိတ်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မနှစ်တုန်းကလည်း Unitreeရဲ့ စက်ရုပ် ၁၆ ခုဟာ လူသား ကချေသည်တွေနဲ့ တွဲဖက်ပြီး စည်းချက်ညီညီ ကပြဖျော်ဖြေခဲ့လို့ ဧည့်ပရိသတ်တွေ အံ့ဩခဲ့ရဖူးပါတယ်။
ကိုးကား: Reuters

















































