ထိုင်ဝမ်ဆီ အမေရိကန် စစ်လက်နက်တွေ ဆက်ပြီး ရောင်းနေဦးမလား ဆိုတာကို မကြာခင် ဆုံးဖြတ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို အချိန်ပြည့် ကြုံနေရတဲ့ ထိုင်ဝမ်အစိုးရဟာ ကာကွယ်ရေး ကဏ္ဍအတွက် အမေရိကန် စစ်လက်နက် ပစ္စည်းတွေအပေါ် အစဉ်အဆက် မှီခိုခဲ့ရပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့လည်း အတိအလင်း ထုတ်ပြောထားပါတယ်။
မကြာသေးခင်က ထရမ့်နဲ့ ဖုန်းပြောချိန်မှာတော့ တရုတ် သမ္မတ ရှီကျင့်ဖျင်က အမေရိကန် အနေနဲ့ ထိုင်ဝမ်ဆီ ထပ်ပြီး လက်နက်တွေ ရောင်းချမပေးတော့ဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Public Service Announcement
ထရမ့်က ထိုင်ဝမ်ဆီ လက်နက်ရောင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ သူနဲ့ ရှီတို့ ဆွေးနွေးဖြစ်ခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပြီး ထိုင်ဝမ်ရဲ့ ကာကွယ်ရေး ကဏ္ဍကို အမေရိကန်က စစ်လက်နက်တွေ ရောင်းချပြီး ဆက်လက် ပံ့ပိုးပေးမလား ဆိုတာကိုတော့ မကြာခင် တစ်ခုခု ဆုံးဖြတ်သွားမယ်လို့ ပြောကြားသွားပါတယ်။
သူနဲ့ရှီတို့ အခုကိစ္စအကြောင်း စကားပြောဖြစ်ခဲ့ကြောင်း၊ ဆွေးနွေးမှုတွေကလည်း ကောင်းမွန်ခဲ့ကြောင်း၊ အမေရိကန်ဖက်က ဆုံးဖြတ်ချက် တစ်ခုခုကို မကြာခင် ချမှတ်ဖွယ်ရှိကြောင်း ထရမ့်က ဖေဖော်ဝါရီ ၁၆ ရက်နေ့တုန်းက အမေရိကန် သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်မှာ သတင်းထောက်တွေဆီ မှတ်ချက်ပေးခဲ့ပါတယ်။
တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထိုင်ဝမ်ကို နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ဖိအားပေးမှုတွေကို အရှိန်အဟုန် မြှင့်တင်လာခဲ့ပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ် အစိုးရကတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ရပ်တည်မှုမျိုးကိုသာ ပိုပြီး လိုလားနေပါတယ်။
ဒီဇင်ဘာလမှာ ထိုင်ဝမ်ဟာ အမေရိကန်ဆီက စစ်လက်နက်တွေ ဒေါ်လာ ၁၁ ဘီလီယံဖိုး ဝယ်ယူမယ်လို့ ကြေညာခဲ့သလို အခု ဖေဖော်ဝါရီ လဆန်းမှာလည်း အမေရိကန်က ထိုင်ဝမ်အတွက် နောက်ထပ် လက်နက် ရောင်းချရေး ကိစ္စတွေ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
အမေရိကန်နဲ့ ထိုင်ဝမ်တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီမှု အသစ်တွေကို ရရှိခဲ့ပါတယ်။ အဲဒီ သဘောတူညီမှုတွေအရ အမေရိကန်ဟာ ထိုင်ဝမ်အပေါ် ကုန်သွယ်ခွန် စည်းကြပ်မှုတွေ လျှော့ချပေးခဲ့သလို အာရှတိုက်မှာ အမေရိကန် ပို့ကုန်တွေ စျေးကွက် ပိုမိုကျယ်ပြန့်ရေး၊ အမေရိကန်ရဲ့ စွမ်းအင်နဲ့ နည်းပညာ ကဏ္ဍတွေမှာ ထိုင်ဝမ်က ဒေါ်လာ ဘီလီယံတွေနဲ့ချီ တိုးမြှင့်မြှုပ်နှံရေးတွေလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Bloomberg
ဓာတ်ပုံ – Getty Images

















































