Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲအလွန် အစိုးရသစ် ဖွဲ့စည်း

ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင်ဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ်အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ−၁၈၊၂၀၂၆။ People’s Spring

ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင်ဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ်အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

နိုင်ငံရေး အစဉ်အလာ ကြီးမားတဲ့ မိသားစုကနေ မွေးဖွားလာသူ တာရစ် ရာဟ်မန်ဟာ ဖေဖော်ဝါရီ ၁၂ ရက် ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)ကို ဦးဆောင်ပြီး ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အာဏာရှင်ဆန်ဆန် ကာလရှည်ကြာ အုပ်စိုးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ ကြီးစိုးမှုအလွန်ကာလ အများက စောင့်ကြည့်နေတဲ့ ရွေးကောက်ပွဲမှာ ရာဟ်မန်ရဲ့ ပါတီက အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရာဟ်မန်ရဲ့ ဖခင်ဟာ သမ္မတဟောင်း ဇိုင်အာရူ ရာဟ်မန်ဖြစ်ပြီး မိခင်ကတော့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇိုင်ရာပါ။ ရာဟ်မန်ဟာ ဘင်္ဂလားဒေ့ရှ် သမိုင်းမှာ ၃၅ နှစ်အတွင်း ပထမဆုံး အမျိုးသား ဝန်ကြီးချုပ် အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဒါကာမြို့တော်မှာ ကျင်းပတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာတော့ သမ္မတ မိုဟာမက် ရှာဟာဘူဒင်က ကြီးမှူးပေးခဲ့ပြီး ရာဟ်မန်ကို ဝန်ကြီးချုပ်အဖြစ် တရားဝင် ခန့်အပ် ကြေညာခဲ့ပါတယ်။ ရာဟ်မန်ဟာ ၅ နှစ် သက်တမ်းအတွက် စတင်ပြီး တာဝန်ယူရမှာ ဖြစ်ပါတယ်။

ရာဟ်မန်ရဲ့ BNPပါတီနဲ့ မိတ်ဖက်ပါတီတွေဟာ အမတ်နေရာ ၃၅၀ ရှိတဲ့ လွှတ်တော်ထဲက အမတ်နေရာ ၂၁၂ ခုထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂျမတ်အီ အစ္စလာမ်မီ ဦးဆောင်ပြီး ပါတီ ၁၁ ခု စုစည်းထားတဲ့ မဟာမိတ် အင်အားစုကတော့ အမတ်နေရာ ၇၇ ခု ရရှိခဲ့ပြီး အဓိက အတိုက်အခံအဖြစ် ရပ်တည်သွားမှာပါ။

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာတော့ အမတ်နေရာ ၃၀၀ စာကို မဲဆန္ဒနယ်အလိုက် တိုက်ရိုက် ရွေးကောက်ပြီး ကျန်တဲ့ ၅၀ စာကိုတော့ ပါတီအလိုက် ရရှိတဲ့ မဲအရေအတွက်တွေကို ခွဲတမ်းသတ်မှတ်ပေးတဲ့ စနစ်ကို အသုံးပြုခဲ့ပါတယ်။

အသက် ၆၀ အရွယ် ရာဟ်မန်ဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာ ၁၇ နှစ်ကြာ သွားရောက် နေထိုင်နေခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကမှ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာခဲ့တာပါ။ သူက လူဦးရေ သန်း ၁၇၀ လောက် နေထိုင်တဲ့နိုင်ငံရဲ့ ဒီမိုကရေစီ ပြန်လည် ဦးမော့လာရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ကတိပြုထားပါတယ်။

ကိုးကား: AP

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

ဆက်စပ်သတင်းများ

Trending

Facebook