အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း ထိုင်းဖက်က နယ်မြေကျူးကျော် ထိန်းချုပ်မှုတွေ ဆက်ပြီး တည်ရှိနေခဲ့တယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး နှစ်ကြိမ်တိုင် စစ်ခင်း တိုက်ခိုက်ခဲ့ပါတယ်။ သီတင်းသုံးပတ်လောက် ကြာမြင့်ခဲ့တဲ့ ဒုတိယအကြိမ် ပဋိပက္ခကတော့ နှစ်ကုန်ပိုင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် အပစ်အခတ် ရပ်စဲခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က တိုက်ပွဲတွေ ရပ်စဲသွားပြီးနောက်ပိုင်း နယ်စပ်မှာ ထိုင်းတပ်တွေက ကမ္ဘောဒီးယား ပိုင်နက် နယ်မြေတွေကို ဆက်ပြီး သိမ်းယူထားတယ်လို့ Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ သူက ထိုင်းအစိုးရ အနေနဲ့ နှစ်ဖက် နယ်ခြားပြဿနာ ပြေလည်စေဖို့အတွက် ပူးပေါင်း ကော်မရှင်တစ်ခု ဖွဲ့စည်းပြီး ညှိနှိုင်းဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။
ဟွန်မာနတ်ဟာ နိုင်ငံတကာ မီဒီယာ တစ်ခုနဲ့ ပထမဆုံးအကြိမ် အင်တာဗျူး လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဖခင်ဖြစ်သူ ဟွန်ဆန်းဆီကနေ ဝန်ကြီးချုပ် ရာထူးကို ၂၀၂၃ မှာ ဆက်ခံခဲ့ပါတယ်။ အင်တာဗျူးထဲမှာတော့ ဟွန်မာနတ်က သူ့နိုင်ငံနဲ့ အမေရိကန်ကြား ဆက်ဆံရေး ပိုမို နွေးထွေးလာတာကိုလည်း ဝမ်းမြောက်ကြောင်း ပြောသွားခဲ့ပြီး ကမ္ဘောဒီးယားဟာ ဆိုက်ဘာ ငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို အင်တိုက်အားတိုက် ကြိုးစား နှိမ်နင်းသွားမယ်လို့လည်း အာမခံခဲ့ပါတယ်။

Public Service Announcement
အပစ်ရပ်ပြီး နောက်ပိုင်း ကမ္ဘောဒီးယား ပိုင်နက်ထဲထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး ထိုင်းစစ်တပ်တွေက တပ်စွဲထားတာတွေ နေရာတော်တော်များများမှာ ရှိနေကြောင်း၊ တချို့ နယ်ကျော်မှုတွေဟာ ထိုင်းကိုယ်တိုင်က ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ နယ်ခြားမျဉ်းထက်ကို အများကြီး ပိုနေကြောင်း ဟွန်မာနတ်က Reutersကို ပြောခဲ့ပါတယ်။
ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဆူရာဆန့် ခွန်ဆီရိကတော့ ထိုင်းစစ်တပ်ဟာ အပစ်ရပ် သဘောတူညီမှု သတ်မှတ်ချက်တွေအတိုင်း အတိအကျ လိုက်နာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပူးတွဲ ကြေညာချက်အရ နှစ်ဖက်တပ်တွေဟာ ရှိရင်းစွဲ နေရာတွေကနေ ရှေ့မတိုးဘဲ၊ အင်အားထပ်မဖြည့်ဘဲ တပ်စွဲထားနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်း၊ ထိုင်းတပ်တွေကလည်း ရောက်ရာနေရာက ရှေ့ဆက်မတိုးခဲ့သလို နယ်စပ်မှာလည်း အင်အား ထပ်မဖြည့်ခဲ့ကြောင်း ဆူရာဆန့်က တုံ့ပြန်သွားပါတယ်။
ဟွန်ဆန်းက ထိုင်းစစ်သားတွေဟာ ထိုင်းအစိုးရကိုယ်တိုင် ကမ္ဘောဒီးယား ပိုင်နက်အဖြစ် ကာလရှည်ကြာ သတ်မှတ်ထားတဲ့ နေရာတွေမှာ ကွန်တိန်နာပုံးတွေကို တံတိုင်းအဖြစ် ချထားပြီး သံစည်းကြိုးတွေလည်း ကာနေကြောင်း၊ အကျိုးဆက်အနေနဲ့ စစ်ပွဲကာလတုန်းက တိမ်းရှောင်ခဲ့တဲ့ ဒေသခံတွေ နေရပ်ဆီ ပြန်မရဘဲ ဖြစ်နေကြောင်း ဆိုပါတယ်။ ဒါဟာ တစ်ဖက်သတ် စွပ်စွဲချက် မဟုတ်ဘဲ မြေပြင်က အခြေအနေမှန်တွေကို ရှင်းပြနေတာသာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
သူက ကမ္ဘောဒီးယားဟာ အချုပ်အခြာ အာဏာနဲ့ ပိုင်နက်နယ်မြေ ထိပါးမှုတွေကို ကြုံနေရတာဖြစ်ပြီး ဒီအခြေအနေက လက်ခံနိုင်စရာ မရှိဘူးလို့လည်း မှတ်ချက်ပေးသွားပါတယ်။
ဟွန်မာနတ်က ရွေးကောက်ပွဲအပြီး ထိုင်းမှာ အသစ်ဖွဲ့စည်းမယ့် အစိုးရဟာ နယ်စပ်ပြဿနာကို လက်တွေ့ကျတဲ့ ချဉ်းကပ် ဖြေရှင်းမှုတွေ စတင်လုပ်ဆောင်လာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားသွားပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – Reuters


















































