ရွေးကောက်ပွဲ အနိုင်ရ ဂျပန် အစိုးရ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် စနအဲ တကအိချိက အရင် အစိုးရရဲ့ ဝန်ကြီးဟောင်းတွေကိုပဲ ပြန်လည် ခန့်အပ်ဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။
ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာသူ တကအိချိက သူ့ရဲ့ ရာထူးသက်တမ်း ၄ လဝန်းကျင် အကြာမှာပဲ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစေခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာတော့ သူဦးဆောင်တဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP)ဟာ သောင်ပြိုကမ်းပြို ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး လွှတ်တော်ထဲမှာ ပိုပြီး ခိုင်မာတဲ့ ထိန်းချုပ်နိုင်စွမ်းမျိုး ရရှိလာပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာတော့ တကအိချိနဲ့ သူ့ရဲ့ အစိုးရ တစ်ဖွဲ့လုံးက ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ရွေးကောက်ပွဲ အနိုင်ရ ပါတီရဲ့ ခေါင်းဆောင်အဖြစ် တကအိချိက ဝန်ကြီးချုပ် ရာထူးကို ပြန်လည် လက်ခံယူခဲ့ပါတယ်။ သူဟာ အရင်အစိုးရ အဖွဲ့ရဲ့ ဝန်ကြီးအားလုံးကိုပဲ မူလနေရာ ပြန်လည် ခန့်အပ်သွားမယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက ပြောပါတယ်။
တကအိချိဟာ ပြည်တွင်းမှာ လူကြိုက်များနေမှုနဲ့အတူ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ် နေရာစုစုပေါင်းရဲ့ သုံးချိုးနှစ်ချိုးထိ ပြတ်ပြတ်သားသား အသာစီး ယူနိုင်အောင် LDPကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဂျပန်ရဲ့ လွှတ်တော် နှစ်ရပ်မှာ အောက်လွှတ်တော်က လုပ်ပိုင်ခွင့် ဩဇာတွေ ပိုမို ကြီးမားပါတယ်။ တခြားတစ်ဖက်မှာတော့ အတိုက်အခံ အင်အားစုတွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှိရင်းစွဲ ထိန်းချုပ်ထားတဲ့ အမတ်နေရာ အများအပြားကို ဆုံးရှုံးခဲ့ရပါတယ်။

Public Service Announcement
တကအိချိက နိုင်ငံရဲ့ စစ်အင်အားကို ချဲ့ထွင် တိုးမြှင့်ဖို့၊ အစိုးရ အသုံးစရိတ်တွေ ပိုမို ချဲ့ထွင်ဖို့နဲ့ ကွန်ဆာဗေးတစ် အမြင်ရှိတဲ့ လူမှုရေး မူဝါဒတွေကို ပိုမို ခိုင်မာအောင် ပြဋ္ဌာန်းဖို့ ဆိုတာမျိုး မဲဆွယ်မှုတွေနဲ့ လူထုထောက်ခံမှုကို ရယူနိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံရေး အကဲခတ်တွေကတော့ တကအိချိ အရေးတကြီး ချဉ်းကပ်ရမယ့် ဦးစားပေး ကိစ္စဟာ နိုင်ငံရဲ့ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေနဲ့ လုပ်ခလစာ တိုးနှုန်း နှေးကွေးမှုတွေကို ကိုင်တွယ်ဖို့ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အဲဒီကိစ္စအတွက် အသုံးစရိတ် မူကြမ်း တင်သွင်းမှုတွေဟာလည်း ရွေးကောက်ပွဲကြောင့် နှောင့်နှေးနေခဲ့ပါတယ်။
တကအိချိကတော့ ဂျပန်မှာ စားသောက်ကုန်တွေအပေါ် အခွန်ကောက်ယူမှုကို ၂ နှစ်တာ ဖြတ်တောက် လျှော့ချပေးဖို့ အဆိုပြုထားပါတယ်။ အဲဒီနည်းလမ်းဟာ မိသားစု တစ်ခုစီရဲ့ နေထိုင်မှု စရိတ်တွေကို သိသိသာသာ လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စီးပွားရေး ပညာရှင်တွေကတော့ အဲဒီ ချဉ်းကပ်မှုဟာ နိုင်ငံရဲ့ ကြွေးမြီတွေကို တိုးသွားစေပြီး နောက်ပိုင်းမှာ စျေးတွေတက်တာ၊ စီးပွားရေး တိုးတက်နှုန်း နှေးကွေးတာမျိုး ရိုက်ခတ်မှုတွေ ကြုံလာနိုင်ကြောင်း သတိပေးထားပါတယ်။
ကိုးကား: AP
ဓာတ်ပုံ – AP


















































