အီရန်ရဲ့ ရေတပ် စစ်ရေးလေ့ကျင့်မှုတွေမှာ ရုရှားက ပူးပေါင်း ပါဝင်လာမယ်လို့ အီရန်အစိုးရက ကြေညာခဲ့ပါတယ်။
အီရန်ကို စစ်ရေးအရ အရေးယူ တိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေတွေအတွက် အမေရိကန် စစ်တပ်က ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ အီရန်က စစ်ရေးလေ့ကျင့်မှုအတွက် ရုရှားက လာပူးပေါင်းမယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အီရန်ရေတပ်နဲ့ တော်လှန်ရေး အစောင့်တပ်တွေ ပူးပေါင်းပြီး အိုမန် ပင်လယ်ကွေ့မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကျရင် စစ်ရေး လေ့ကျင့်မှာဖြစ်ပြီး ရုရှားနဲ့ အီရန် နှစ်နိုင်ငံလုံးက စစ်ရေးယာဉ်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။ စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ကာကွယ်ရေး အစီအမံတွေအတွက် ဖြစ်တယ်လို့ အီရန်ရေတပ်ရဲ့ နောက်တန်း သေနာပတိ ဟာဆန် မက်ဆော့ဒ်လူက ပြောပါတယ်။
အီရန်ဟာ အခုသီတင်းပတ် အစောပိုင်းတုန်းကလည်း ဟောမုဇ် ရေလက်ကြားတဝိုက်မှာ လက်နက်ခဲယမ်း အစစ်တွေနဲ့ ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ပါသေးတယ်။

Public Service Announcement

အီရန်နဲ့ ရုရှား ရေတပ်တွေဟာ လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဦးဆောင်တဲ့ အမေရိကန် ရေတပ်ဖွဲ့နဲ့ သိပ်မဝေးတဲ့ ရေပြင်မှာ ပူးပေါင်း စစ်ရေးလေ့ကျင့်ကြမှာပါ။ အီရန်နဲ့ စစ်ရေးတင်းမာနေချိန်မှာ အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောတစ်စီးကို အရှေ့အလယ်ပိုင်းဒေသဆီ စေလွှတ်ထားပြီး နောက်တစ်စီးကိုလည်း သွားရောက် ပူးပေါင်းစေမယ်လို့ ပြောကြားထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အီရန် အနေနဲ့ နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုတွေမှာ ဆက်ပြီး ခေါင်းမာမနေဘဲ သဘောတူညီမှုတစ်ခု အမြန်ဆုံး ထွက်ပေါ်လာအောင် ဆုံးဖြတ်ဖို့ တိုက်တွန်းထားပါတယ်။ ထရမ့်က အဲဒီ ဆွေးနွေးပွဲတွေကနေ အဖြေထွက်မလာရင် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်လာနိုင်ကြောင်း အရိပ်အမြွက် ခြိမ်းခြောက်ထားဖူးပါတယ်။
အခုသီတင်းပတ်မှာတော့ အမေရိကန် စစ်တပ်ဟာ အီရန်နဲ့ လက်တွေ့ စစ်ပွဲအတွက် ပိုပြီး ဖြစ်နိုင်ခြေရှိတဲ့ ပြင်ဆင်မှုတွေ စတင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရနဲ့ နီးစပ်သူတွေကတော့ သမ္မတ ထရမ့်ဟာ တိကျတဲ့ ဆုံးဖြတ်ချက် တစ်ခုခုကို မရွေးချယ်ရသေးဘူးလို့ ပြောပါတယ်။
အီရန် နျူကလီးယား ထိန်းချုပ်ရေး ကိစ္စအတွက် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေပေမယ့် ယူရေနီယမ် သန့်စင်မှုကို အလုံးစုံ စွန့်လွှတ်ရမယ်ဆိုတဲ့ တောင်းဆိုချက်ကို အီရန်က မလိုက်လျောနိုင်တဲ့အတွက် ညှိနှိုင်းမှုတွေက တိုးတက်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
ကိုးကား: Telegraph



















































