အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ပိုင် စံအိမ်ရဲ့ လုံခြုံရေး တားမြစ်ဇုန်ထဲ ဝင်ရောက်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ပစ်ခတ်ရှင်းလင်းခြင်း ခံခဲ့ရပါတယ်။
အမေရိကန် သမ္မတရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ လျှို့ဝှက်အေးဂျင့်တွေက ဖလော်ရီဒါမှာရှိတဲ့ ထရမ့်ပိုင် မာအာလာဂို စံအိမ်ကြီးနားမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက် မနက်အစောပိုင်းတုန်းက ပြောင်းတိုသေနတ် တစ်လက်နဲ့ လောင်စာဆီ တစ်ပုံး သယ်ဆောင်လာခဲ့တဲ့ အဲဒီအမျိုးသားကို လျှို့ဝှက်အေးဂျင့်တွေနဲ့ ရဲအရာရှိ တစ်ဦးက ကြားဖြတ် တားဆီးရင်း ပစ်သတ်ခဲ့တာလို့ သိရပါတယ်။
အခင်းဖြစ်ချိန်တုန်းကတော့ ထရမ့်ဟာ သူ့စံအိမ်မှာ မဟုတ်ဘဲ ဝါရှင်တန်ဒီစီ မြို့တော်ရဲ့ သမ္မတအိမ်တော်ဖြစ်တဲ့ အိမ်ဖြူတော်မှာ ရှိနေခဲ့ပါတယ်။
စံအိမ်ကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့တဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ကမ်မရွန်မြို့မှာ နေထိုင်တဲ့ အော်စတင် တီ မာတင်ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ ပစ်ခတ်မှု မတိုင်ခင်မှာ သူ့ဖခင်က မာတင် ပျောက်ဆုံးနေကြောင်း ရဲတိုင်ထားခဲ့ပါတယ်။

Public Service Announcement
မာတင်ဟာ စံအိမ်ရဲ့ လုံခြုံရေးစည်း သတ်မှတ်ဧရိယာထဲ ဝင်ရောက်လာချိန်မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ မြောက်ကာရိုလိုင်းနားကနေ ဖလော်ရီဒါထိ လမ်းတလျှောက်မှာ သေနတ်ကို သယ်ယူလာသလား ဆိုတာကို ရဲတွေက စစ်ဆေးနေပါတယ်။ ပြီးတော့ သူဟာ ဘာကြောင့် မာအာလာဂို စံအိမ်နားကို ချဉ်းကပ်ခဲ့သလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လျှို့ဝှက် လုံခြုံရေး အေဂျင်စီ ပြောရေးဆိုခွင့်ရ အရာရှိ အန်သိုနီ ဂူလီယာမီကတော့ မာတင်ဟာ စံအိမ်အနီး လုံခြုံရေးဇုန် သတ်မှတ်ထားတဲ့ နေရာဆီ အခွင့်မရှိဘဲ ဝင်ရောက်ခဲ့တာကြောင့် ပစ်ခတ်ခံခဲ့ရတာလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
စံအိမ်ရဲ့ မြောက်ဖက် လုံခြုံရေးဂိတ်မှာ ရှိနေတဲ့ အရာရှိတွေက သေနတ်နဲ့ ဆီပုံးကိုင်ပြီး ချဉ်းကပ်လာသူ အမျိုးသားကို တွေ့ရှိတဲ့နောက် ပစ်ခတ်ခဲ့ကြောင်း အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။ သူ့ကို နေရာမှာ ရပ်နေဖို့ လှမ်းပြီး သတိပေးခဲ့ပေမယ့် မလိုက်နာတဲ့အပြင် လက်ထဲက ပုံးကိုချပြီး သေနတ်နဲ့ ပစ်မယ့် ပုံစံမျိုး နေရာယူလိုက်တဲ့နောက် အေးဂျင့်တွေက စတင် ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အေးဂျင့်တွေက ခန္ဓာကိုယ်မှာ ဗီဒီယို ကင်မရာတွေ တပ်ဆင်ထားခဲ့ပြီး ဖြစ်စဉ်ကို မှတ်တမ်းယူထားနိုင်ခဲ့ကြောင်းနဲ့ လုံခြုံရေး အရာရှိတွေ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်းလည်း သိရပါတယ်။ အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)က နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ကူညီမယ်လို့ ကြေညာခဲ့ပါတယ်။
မာအာလာဂိုမှာ တဝိုက်မှာ လုံခြုံရေး အထူးတင်းကျပ်ထားပြီး အတွင်းစည်းကိုတော့ ဒေသခံ ပမ်းလ်ဘိချ် ရဲတပ်ဖွဲ့က တာဝန်ယူထားသလို အတွင်းစည်းကိုတော့ လျှို့ဝှက် အေးဂျင့်တွေက ကိုင်တွယ်ကြပါတယ်။ အဲဒီစံအိမ်ကို လာရောက်တဲ့ လူတိုင်း၊ ကားတိုင်းကို အနံ့ခံဖို့ လေ့ကျင့်ထားတဲ့ ခွေးတွေ၊ သတ္တု ထောက်လှမ်းရေး ကိရိယာတွေနဲ့ စေ့စေ့စပ်စပ် စစ်ဆေးရှာဖွေလေ့ရှိကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴


















































