အီရန်ဟာ ရုရှားဆီက ပခုံးထမ်း ဝေဟင်ပစ်ဒုံးကျည် ထောင်နဲ့ချီ လျှို့ဝှက် မှာယူထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
အဲဒီ သဘောတူညီချက်အရ အီရန်ဟာ ခေတ်မီ ပခုံးထမ်း လောင်ချာတွေနဲ့ ဒုံးကျည်တွေကို ရုရှားဆီက လက်ခံရရှိမယ်လို့ သိရပါတယ်။ ရုရှားဟာ ယူရို သန်း ၅၀၀ တန် လက်နက် အရောင်းအဝယ်အရ Verba ပခုံးထမ်းလောင်ချာ ၅၀၀၊ အဲဒီလက်နက်တွေနဲ့ တွဲဖက် ပစ်ခတ်မယ့် 9M336 ဒုံးကျည် ၂၅၀၀ ကို အီရန်ဆီ ပေးပို့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ်က အစ္စရေးနဲ့ စစ်ရေး ပဋိပက္ခအတွင်း အကြီးအကျယ် ထိခိုက် ပျက်စီးခဲ့တဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်နဲ့ ပတ်သက်ပြီး အီရန်ရဲ့ ရည်မှန်းချက် အကြီးဆုံး ပြန်လည် ဖြည့်တင်း ဝယ်ယူမှု ဖြစ်လာပါတယ်။
Verba ပခုံးထမ်း လောင်ချာတွေကို ရုရှားစစ်တပ်က ၂၀၁၄ မှာ စတင် အသုံးပြုခဲ့ပါတယ်။ ပဉ္စမမျိုးဆက် ပခုံးထမ်း လောင်ချာတွေဟာ အနီအောက် ရောင်ခြည်သုံး ခြေရာခံ စနစ်ကို အသုံးပြုပြီး အနိမ့်ပျံသန်းလာတဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ခရုစ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပစ်ချနိုင်စွမ်း ရှိပါတယ်။

Public Service Announcement
အီရန်လက်ထဲ အဲဒီလက်နက်တွေ ရောက်နေမယ်ဆိုရင် အမေရိကန် အနေနဲ့ ဗင်နီဇွဲလားမှာ သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်ဖမ်းတဲ့ နည်းဗျူဟာမျိုးကိုသုံးပြီး အီရန်ကို တိုက်ခိုက်ဖို့ အရမ်း အန္တရာယ် များသွားနိုင်ကြောင်း စစ်ရေး သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။ ဇန်နဝါရီ လဆန်းတုန်းက စစ်ဆင်ရေးမှာတော့ အမေရိကန် ရဟတ်ယာဉ်တွေဟာ ခပ်နိမ့်နိမ့်ပျံပြီး ကရာကက်စ် မြို့ထဲက သမ္မတ အိမ်တော်ထဲ ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ လက်ရှိမှာတော့ အီရန်နဲ့ အမေရိကန်တို့ကြား စစ်ရေးတင်းမာနေပြီး အီရန်နိုင်ငံ ပတ်ဝန်းကျင်မှာ အမေရိကန်က တပ်အင်အား အလုံးအရင်း တိုးမြှင့် ဖြန့်ကျက်နေပါတယ်။
အီရန်ဟာ အစ္စရေးနဲ့ ၁၂ ရက်ကြာ စစ်ပွဲအပြီး ရက်ပိုင်းအကြာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ရုရှားရဲ့ ပခုံးထမ်း လောင်ချာတွေကို စတင် မှာယူထားခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေအရ အဲဒီ လောင်ချာတွေနဲ့ တွဲဖက်အသုံးပြုမယ့် Mowgli-2 ညမြင်ကွင်းကြည့် ကိရိယာ ၅၀၀ ကိုလည်း လက်ခံရရှိမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ညပိုင်း ပျံသန်းလာမယ့် ရန်သူလေယာဉ်တွေကိုပါ ပစ်ချနိုင်မယ့် သဘောပါ။ အမေရိကန်ဟာ အရေးကြီးတဲ့ လေကြောင်းစစ်ဆင်ရေးတွေကို ညပိုင်း အချိန်တွေကိုပဲ ရွေးပြီး အဓိက လုပ်ဆောင်လေ့ ရှိပါတယ်။
ဒုံးကျည်တွေနဲ့ လောင်ချာတွေကို ၂၀၂၇ ကနေ ၂၀၂၉ ခုနှစ်အတွင်းမှာ အလုံးအရင်း ပို့ဆောင်ဖို့ အီရန်နဲ့ ရုရှားတို့ကြား သဘောတူထားပေမယ့် ဒါဇင်တချို့လောက်ကတော့ အချိန်စောပြီး ရောက်ရှိနေပြီလို့ ယုံကြည်ရကြောင်းလည်း အီရန်စစ်ဘက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ အီရန် သံအမတ်ကြီး ကာဇမ် ဂျလာလီက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မော်စကိုကနေ ပျံသန်းရောက်ရှိလာတဲ့ ကုန်တင်လေယာဉ်တွေမှာ အီရန်အတွက် စစ်သုံးပစ္စည်းတွေ တင်ဆောင်လာတဲ့အကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အီရန်နဲ့ ရုရှားကြားမှာ စစ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေ ရှိနေကြောင်း၊ အဲဒီ လေယာဉ်တွေရဲ့ ခရီးစဉ်ဟာ ဒီသဘောတူညီမှုတွေနဲ့ ပတ်သက်တယ် ဆိုတာလောက်ကိုပဲ သူ့အနေနဲ့ ပြောခွင့်ရှိကြောင်း ဂျလာလီက မှတ်ချက်ပေးခဲ့ပါတယ်။
ကိုးကား: Telegraph



















































