Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ့် လူငယ် Rapဂီတ အဆိုတော်ဟောင်း

လူငယ် Rapဂီတ အဆိုတော်ဟောင်း တစ်ဦးဖြစ်တဲ့ ဘလန်ဒရာရှားဟာ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

လူငယ် Rapဂီတ အဆိုတော်ဟောင်း တစ်ဦးဖြစ်တဲ့ ဘလန်ဒရာရှားဟာ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

သူဦးဆောင်တဲ့ ရတ်စတီယာ ဆွာတန်ထရာပါတီ (RSP)ဟာ နီပေါ နိုင်ငံရေး သမိုင်းမှာ ရှားပါးအခြေအနေမျိုး ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့နောက် ရှားက နိုင်ငံခေါင်းဆောင် ရာထူးကို တာဝန်ယူခွင့် ရလာတော့မှာပါ။

လူငယ်မျိုးဆက်တွေရဲ့ ဆန္ဒပြမှုကြောင့် အရင်အစိုးရ ပြုတ်ကျခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို မတ်လ ၅ ရက်နေ့မှာ ကျင်းပခဲ့ပြီး RSPက ပြတ်ပြတ်သားသား အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်အမတ် နေရာ ၂၇၅ ခုထဲမှာ RSPဟာ ၁၂၄ ခုစာကို မဲဆန္ဒနယ်တွေမှာ အနိုင်ရခဲ့သလို အချိုးကျ ခွဲဝေယူမှု စနစ်အရလည်း နောက်ထပ် အမတ်နေရာ ၅၈ ခုထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ရှားဟာ အသက် ၃၅ နှစ်သာ ရှိသေးပြီး ပြည်တွင်းက လူငယ်နိုင်ငံရေး အင်အားစုတွေကြားမှာ ရေပန်းစားသူ တစ်ဦးပါ။ သူဟာ နီပေါမှာတော့ ဘာလန်ဆိုတဲ့ အနုပညာနာမည်နဲ့ ပိုပြီး ထင်ရှားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲ ရလဒ်ဟာ နီပေါအတွက် စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖန်တီးဖို့ မျှော်လင့်ချက်အောင်ပွဲ ဖြစ်လာကြောင်း RSP ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ရာမက်ရှ် ပေါ့ဒ်ယဲလ်က ပြောကြားခဲ့ပါတယ်။ ပြီးတော့ လူငယ်တွေရဲ့ ထောက်ခံ တွန်းအားပေးမှုနဲ့ ထွက်ပေါ်လာတဲ့ အလှပဆုံး နိုင်ငံရေး ရလဒ်တစ်ခုလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေး သုတေသီတွေကတော့ ရှားနဲ့ RSPတို့ရဲ့ ပြတ်သားတဲ့ အောင်ပွဲခံမှုဟာ နီပေါ နိုင်ငံရေး နယ်ပယ်မှာ ဝါရင့်ပါတီတွေနဲ့ ရှေးရိုးစွဲ ပါတီတွေအပေါ် လူထုက စိတ်ကုန်နေပြီဆိုတာ မြင်သာစေတဲ့ မီးမောင်းထိုးပြမှု ဖြစ်လာကြောင်း ပြောပါတယ်။ RSPဟာ ပါတီသက်တမ်း ၃ နှစ် အကြာမှာတင် အံ့ဩစရာ ကောင်းလောက်အောင် သမိုင်းဝင် အောင်ပွဲတစ်ခုကို ဆောင်ယူလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရဲ့ တရားဝင် အပြီးသတ် ရလဒ်တွေကို မကြာခင် ရက်ပိုင်းအတွင်းမှာ ကြေညာသွားဖွယ် ရှိပါတယ်။ လောလောဆယ်မှာတော့ ရွေးကောက်ပွဲ ကော်မရှင်ဟာ ပါတီအလိုက် အချိုးကျ မဲပေးမှု စနစ်ကနေ ရရှိလာမယ့် အမတ်နေရာ ခွဲတမ်းတွေကို ပြန်လည် စိစစ် တွက်ချက်နေဆဲ ဖြစ်ပါတယ်။

အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ရှားဟာ နောက်ပိုင်းမှာ Rapဂီတ အဆိုတော် တစ်ဦးအဖြစ် ကျော်ကြားလာခဲ့ပါတယ်။ နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်လာချိန်မှာတော့ သူဟာ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ပြဿနာနဲ့ အဂတိ ကိစ္စတွေကို တိုက်ဖျက်ဖို့ အဓိကထားပြီး မဲဆွယ် စည်းရုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ သူဟာ ခတ္တမန္ဒူ မြို့တော်ဝန် နေရာကို တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြို့တော် စည်ပင်သာယာရေး၊ ကျူးကျော်နဲ့ တရားမဝင် အဆောက်အအုံတွေ၊ နေရာအနှံ့က အမှိုက်ပုံတွေကို ဖယ်ရှားရှင်းလင်းနိုင်ရေးစတဲ့ ခက်ခဲရှုပ်ထွေးတဲ့ တောင်းဆိုမှုတွေကို အောင်အောင်မြင်မြင် ကိုင်တွယ်ပြခဲ့ပါတယ်။

မနှစ်က စက်တင်ဘာလမှာတော့ နီပေါအစိုးရကို လူငယ်တွေ၊ ကျောင်းသားတွေက ဦးဆောင်ပြီး ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ စတင်လာခဲ့သလို ရှားဟာလည်း တစ်နိုင်ငံလုံးက အာရုံစိုက်ရတဲ့ နိုင်ငံရေး ကြယ်တစ်ပွင့် ဖြစ်လာပါတယ်။ ဆန္ဒပြပွဲတွေဟာ လူမှုကွန်ရက် သုံးစွဲခွင့်တွေကို အစိုးရက ကန့်သတ်လိုက်တဲ့အပေါ် မကျေနပ်ရာက စတင်ခဲ့ပြီး အဲဒီကနေတဆင့် လူထု အခွင့်အရေး ဆုံးရှုံးမှုတွေအပေါ် ပစ်မှတ်ထားတဲ့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးအသွင် ကျယ်ပြန့်သွားခဲ့ပါတယ်။ နီပေါ အစိုးရကလည်း အင်အားသုံး တုံ့ပြန်မှုကြောင့် ဆန္ဒပြပြည်သူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက် အခြေအနေတွေက ထိန်းသိမ်းရ ခက်ခဲတဲ့ အဆင့်ထိ ရောက်သွားပြီး နိုင်ငံအနှံ့ ဆူပူမှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေနဲ့အတူ လူပေါင်း ၇၀ လောက်ထိ အသက်ဆုံးရှုံးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဝါရင့် ဝန်ကြီးချုပ် ရှာမာ အိုလီနဲ့ သူ့ရဲ့ ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ အစိုးရ အဖွဲ့က နုတ်ထွက်ခဲ့ရပါတယ်။

ဆန္ဒပြ လူငယ်တွေက ရှားကို ကြားကာလ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် သူက ငြင်းဆန်ပြီး တရားဝင် ရွေးကောက်ပွဲကျမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီက နီပေါနိုင်ငံ သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အနေနဲ့ အိမ်စောင့်အစိုးရကို ဦးဆောင်ခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့ ရွေးကောက်ပွဲဟာ နီပေါ နိုင်ငံရေး သမိုင်းမှာ ဂျန်ဇီလို့ခေါ်တဲ့ လူငယ်လူရွယ်တွေနဲ့ လူဟောင်း နိုင်ငံရေးသမားကြီးတွေကြားက အားပြိုင်ပွဲအသွင်ကို ဆောင်ခဲ့ပါတယ်။ ရှားဟာ ဂျာပါ-၅ မဲဆန္ဒနယ်ကနေ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ပြီး ဒါဟာ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း အိုလီကို တိုက်ရိုက် စိန်ခေါ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်အရတော့ အဲဒီ မဲဆန္ဒနယ်မှာ ရှားက ထောက်ခံမဲ ၆၈၃၄၈ မဲထိ ရခဲ့ပြီး အိုလီကတော့ ၁၈၇၂၄ မဲသာ စုစည်းနိုင်ခဲ့ပါတယ်။

အိုလီက ရှုံးနိမ့်မှုကို လက်ခံခဲ့ပြီး ရှားအနေနဲ့ ၅ နှစ်ကြာ ဝန်ကြီးချုပ် သက်တမ်းမှာ အခက်အခဲ အနှောင့်အယှက်တွေ မရှိဘဲ စီမံအုပ်ချုပ်နိုင်ဖို့ အလေးအနက် ဆန္ဒပြုကြောင်း ပြောကြားခဲ့ပါတယ်။

ကိုးကား: Guardian

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

Rapဂီတ အဆိုတော်ဟောင်း ဘာလန်ဒရာ ရှားဟာ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံမှာ ဘတ်စ်ကားတစ်စီး လမ်းချော်ပြီး ရေခဲနေတဲ့ မြစ်ထဲ ထိုးကျသွားတာကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လူငယ်တွေ ဦးဆောင်တဲ့ အုံကြွ ဆန္ဒပြမှုတွေကြောင့် အစိုးရ ပြုတ်ကျသွားပြီးတဲ့နောက် နီပေါနိုင်ငံမှာ တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီက ယာယီ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

နိုင်ငံတကာ

လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် နီပေါနိုင်ငံမှာ အစိုးရ ပြုတ်ကျသွားပြီး တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီက ယာယီ ဝန်ကြီးချုပ် ဖြစ်လာဖို့ သေချာနေပါတယ်။