မတ် – ၁၀၊၂၀၂၆
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အီရန်စစ်ပွဲ အရေးနဲ့ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စတွေကို ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း နှစ်ဖက် အစိုးရ အသီးသီးက ထုတ်ပြန်ခဲ့ပါတယ်။
မတ်လ ၉ ရက်နေ့က နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား ဖုန်းဆက်ဆွေးနွေးခဲ့ပြီး နာရီပိုင်း အကြာမှာတော့ ထရမ့်က အီရန် စစ်ပွဲကြောင့် ဖြစ်ပေါ်နေတဲ့ ရေနံစျေး မြင့်တက်မှုတွေကို ပြေလျော့စေဖို့ အမေရိကန်က နိုင်ငံတချို့အပေါ် အရေးယူ ပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးသွားဖွယ် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ ရေနံလုပ်ငန်းတွေနဲ့ ပတ်သက်ရင် ဗင်နီဇွဲလား၊ အီရန်နဲ့ ရုရှားတို့ကို ပိတ်ဆို့ အရေးယူထားပြီး လက်ရှိ အခြေအနေအရ ရုရှားအပေါ် ပိတ်ဆို့ထားမှုတွေကို ယာယီ ဆိုင်းငံ့ပေးဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Public Service Announcement
ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ကတော့ ထရမ့်က ပူတင်ကို စတင်ပြီး ဖုန်းခေါ်ခဲ့တာလို့ ကြေညာပါတယ်။ သမ္မတ နှစ်ဦးဟာ အီရန် စစ်ရေးပဋိပက္ခကို ခပ်မြန်မြန် အဆုံးသတ်နိုင်ရေး၊ ယူကရိန်းက စစ်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ရုရှားဖက်က ထုတ်ပြန်ပါတယ်။
မတ်လ ၉ ရက်နေ့တုန်းက ဖလော်ရီဒါမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ ထရမ့်က သူဟာ ပူတင်နဲ့ အရမ်းအဆင်ပြေတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု လုပ်ဖြစ်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။ ပူတင်က လက်ရှိ အီရန် အကျပ်အတည်းမှာ အမေရိကန်ကို ကူညီလိုတဲ့ ဆန္ဒ ရှိနေတယ်လို့လည်း ထရမ့်က ဆိုပါတယ်။
ဒါပေမဲ့ တကယ်လို့ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ခပ်မြန်မြန် အဆုံးသတ်နိုင်အောင် လုပ်ပေးမယ်ဆိုရင် ပိုပြီး အကူအညီ ဖြစ်လိမ့်မယ်လို့ သူက ပူတင်ကို ပြောခဲ့ကြောင်းလည်း ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပူတင်ကတော့ ကမ္ဘာပေါ်မှာ ရေနံတင်ပို့မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်တဲ့ ရုရှားဟာ ဥရောပ မိတ်ဖက်တွေကသာ လိုလား ဆန္ဒရှိတယ်ဆိုရင် ပြန်ပြီး လက်တွဲ အလုပ်လုပ်ဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ စစ်ပွဲကြောင့် ဥရောပ နိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့အရေးယူပြီး စွမ်းအင် တင်သွင်းမှုတွေကို အဆက်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အမေရိကန် အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် သုံးခုက ထရမ့်ဟာ လက်ရှိ ရေနံစျေး မြင့်တက်နေမှုတွေကို ပြေလျော့စေဖို့အတွက် ရုရှားအပေါ် ပိတ်ဆို့ အရေးယူထားမှုတွေကို အတိုင်းအတာ တစ်ခုထိ လျှော့ချပေးဖို့ ဆန္ဒရှိနေကြောင်း အလွတ်သဘော မှတ်ချက်ပေးထားကြပါတယ်။


















































