Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား တဝိုက်မှာ တစ်နေ့တည်း ကုန်တင်သင်္ဘော ၅ စီး တိုက်ခိုက်ခံရ

ဟောမုဇ် ရေလက်ကြားတဝိုက်မှာ တစ်နေ့တည်းတင် အရပ်ဖက် ကုန်တင်သင်္ဘော ၅ စီး တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

ဟောမုဇ် ရေလက်ကြားတဝိုက်မှာ တစ်နေ့တည်းတင် အရပ်ဖက် ကုန်တင်သင်္ဘော ၅ စီး တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် ကြုံလာနိုင်တဲ့ ခန့်မှန်းလို့မရတဲ့ အခြေအနေတွေကို တုံ့ပြန်တဲ့ အနေနဲ့ အရန် သိုလှောင်ထားတဲ့ ရေနံ စည်ပေါင်း သန်း ၄၀၀ ကို ထုတ်သုံးဖို့ နိုင်ငံပေါင်း ၃၂ ခုက စုပေါင်း ဆုံးဖြတ်လိုက်တဲ့ မတ်လ ၁၁ ရက်နေ့မှာ အဲဒီ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

စစ်ဖြစ်နေတဲ့ အချိန်မှာ ဟောမုဇ် ရေလက်ကြားကို ပိတ်ထားကြောင်း အီရန်က ကြေညာပြီး ဖြတ်သန်းခုတ်မောင်းတဲ့ ရေယာဉ်တွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဟောမုဇ်ဟာ ကမ္ဘာ့ ရေနံတင်ပို့မှု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ပုံမှန်ဖြတ်သန်းလေ့ရှိတဲ့ ရေလမ်းကြောင်းပါ။

မတ်လ ၁၁ ရက်နေ့ကတော့ ဟောမုဇ်တဝိုက် ရေပြင်မှာ ကုန်တင်သင်္ဘော ၅ စီးဟာ အမျိုးအမည် အတိအကျ မသိရတဲ့ လက်နက်တွေ ထိမှန်တာ ခံရကြောင်း သက်ဆိုင်ရာ နိုင်ငံတွေက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းမှာ မှတ်ပုံတင်ထားတဲ့ Mayuree Naree ကုန်တင်သင်္ဘောဟာ အိုမန်နိုင်ငံ မြောက်ဖက်ကမ်းလွန် ရေမိုင် ၁၁ မိုင်လောက် အကွာမှာ တိုက်ခိုက်ခံရပြီး ကိုယ်ထည်ပေါက်ကွဲမှုတွေနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ခဲ့ပါတယ်။ ထိုင်းတော်ဝင် ရေတပ်က အဲဒီ ရေယာဉ်ပေါ် ပါလာတဲ့ ထိုင်းသင်္ဘောသား ၂၃ ဦးစလုံး ဘေးကင်းခဲ့ကြောင်း ကြေညာပါတယ်။ အီရန်က အဲဒီ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး သတိပေး တားမြစ်ချက်ကို ကုန်တင်သင်္ဘောက မလိုက်နာလို့ အခုလို တုံ့ပြန်ခဲ့ကြောင်း ပြောပါတယ်။

နောက်တော့ ဂျပန်အလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီးကလည်း အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံရဲ့ ကမ်းလွန် ရေမိုင် ၂၅ မိုင်လောက် အကွာမှာ တိုက်ခိုက်ခံခဲ့ရပြီး ကိုယ်ထည်မှာ အပျက်အစီး နည်းနည်း ရှိခဲ့ပါတယ်။ ယူအေအီးရဲ့ စီးပွားရေးမြို့တော် ဒူဘိုင်း အနောက်မြောက်ဖက် ရေမိုင် ၅၀ လောက် အကွာမှာ တတိယ သင်္ဘောက တိုက်ခိုက်ခံခဲ့ရပြန်တာ ဖြစ်ပါတယ်။

မာရှယ်အိုင်းလန်း အလံ လွှင့်ထူထားတဲ့ နောက်ထပ် သင်္ဘောတစ်စီးလည်း ပျံသန်းလာတဲ့ အရာဝတ္ထုတစ်ခုရဲ့ ဝင်တိုက်မှုကြောင့် ကိုယ်ထည်မှာ အပေါက်ဖြစ်သွားကြောင်း မိခင်ကုမ္ပဏီက မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ မော်လ်တာအလံ လွှင့်ထူထားတဲ့ နောက်ထပ် ရေယာဉ်တစ်စီးလည်း အလားတူ တိုက်ခိုက်မှုမျိုး ကြုံတွေ့ခဲ့ပြန်ပါတယ်။

ကမ္ဘာကြီး အနေနဲ့ ရေနံတစ်စည်စျေး ဒေါ်လာ ၂၀၀ ကျော်ထိ မြင့်တက်သွားမယ့် အခြေအနေအတွက် ပြင်ဆင်ထားဖို့လိုကြောင်း၊ ဒေသတစ်ခုရဲ့ တည်ငြိမ်မှုဟာ ကမ္ဘာ့ရေနံစျေးအပေါ် အများကြီး သက်ရောက်စေပေမယ့် အဲဒီ တည်ငြိမ်မှုကို ဖျက်ဆီးပြီးရင် အကျိုးဆက်ကို ရင်ဆိုင်ဖို့လိုကြောင်း အီရန် အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အီဘရာဟင် ဇိုလ်ဖာကာရီက ပြောကြားခဲ့ပါတယ်။

စစ်ပွဲစတင်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစလို့ ဟောမုဇ် ရေလက်ကြားတဝိုက်နဲ့ ပင်လယ်ကွေ့ ဒေသထဲမှာ စုစုပေါင်းရေယာဉ် ၁၃ စီးထိ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုစည်းထားတဲ့ G7အဖွဲ့က မတ်လ ၁၁ ရက်နေ့မှာ ပူးတွဲ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာမှာတော့ ဟောမုဇ်ကို ဖြတ်သန်းသွားမယ့် ရေယာဉ်တွေကို ရေတပ် အခြံအရံနဲ့ လိုက်ပါ စောင့်ရှောက်ပေးနိုင်ဖို့ ဖြစ်နိုင်ခြေ နည်းလမ်းအားလုံးကို စဉ်းစားနေကြောင်း ပါရှိခဲ့ပါတယ်။

အမေရိကန်ရဲ့ စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)ကတော့ အီရန်ဟာ ဟောမုဇ် ရေလက်ကြားတဝိုက်က အရပ်ဖက် ဆိပ်ကမ်းတွေကို စစ်ရေးအတွက် သုံးစွဲနေကြောင်း စွပ်စွဲခဲ့ပြီး အမေရိကန်က အဲဒီနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ခြေ ရှိနေတာကြောင့် အရပ်သားတွေ ရွှေ့ပြောင်းနေကြဖို့ တိုက်တွန်းထားပါတယ်။

စျေးကွက်ထဲမှာတော့ ရေနံစျေးတွေက မတည်ငြိမ်ဘဲ အတက်အကျတွေ ကြမ်းနေပါတယ်။ မတ်လ ၁၁ ရက်နေ့တုန်းက ရေနံစျေးဟာ တစ်စည်ကို ၉၂ ဒေါ်လာလောက်မှာ ရှိနေပါတယ်။ မတ်လ ၉ ရက်နေ့တုန်းကတော့ တစ်စည်ကို ဒေါ်လာ ၁၂၀ နီးပါးထိ ထိုးတက်သွားခဲ့ပြီး အဲဒီနေရမှာပဲ ၈၇ ဒေါ်လာဆီ ပြန်လည် ကျဆင်းခဲ့ပါတယ်။ အီရန်စစ်ပွဲ မစခင် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရေနံတစ်စည်စျေးဟာ ဒေါ်လာ ၇၀ ဝန်းကျင် ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခဲ့တဲ့ လုပ်ရပ်ဟာ စီးပွားရေး အကြမ်းဖက်မှု တစ်ခုလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ညှိနှိုင်းနေမှုတွေမှာ အီရန်က အလျှော့ပေးလိုက်တဲ့ သဘောအဖြစ် နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲပြီး ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ထားဆဲ ဖြစ်ပေမယ့် မိတ်ဖက် နိုင်ငံတွေရဲ့ ရေနံတင် သင်္ဘောတွေကိုတော့ အကန့်အသတ်နဲ့ ဖြတ်သန်းစေတာမျိုး အီရန်က ပိုမို ခွင့်ပြုလာနေပါတယ်။

နိုင်ငံတကာ

ဂျပန်ကမ်းလွန်မှာ ကုန်တင်သင်္ဘောနဲ့ တိုက်မိရာက ငါးဖမ်းလှေတစ်စီး နစ်မြုပ်ခဲ့ပြီး ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။