မြောက်ကိုရီးယားရဲ့ အုပ်ချုပ်ရေး မူဝါဒဆိုင်ရာ အကြီးအမှူး အရာရှိချုပ် ရာထူးမှာ ကင်မ်ဂျုံအွန်းက ပြန်လည် တင်မြှောက် ခန့်အပ် ခံခဲ့ရကြောင်း သိရပါတယ်။
အစိုးရပိုင် KCNA သတင်းဌာနက ခေါင်းဆောင်ကြီး ကင်မ်ဟာ ပြည်သူ့ရေးရာ ကော်မရှင် ဥက္ကဋ္ဌ နေရာအတွက် ဆက်လက် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရကြောင်း မတ်လ ၂၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားမှာတော့ အဲဒီခေါင်းဆောင်မှု နေရာအတွက် လွှတ်တော် အမတ်တွေက မဲပေး တင်မြှောက်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား လွှတ်တော်ဆိုတာ ဒီမိုကရေစီ စနစ် ကျင့်သုံးနေသလို အဆောင်အယောင်မျိုး အနေနဲ့သာ ဖွဲ့စည်းထားပြီး ကင်မ်ပြောသမျှ တံဆိပ်တုံးထု အတည်ပြုပေးရတဲ့ အဖွဲ့အစည်း အဆင့်ထက် မပိုကြောင်း လေ့လာသူတွေက ဝေဖန်ထားပါတယ်။
မတ်လ ၂၂ ရက်နေ့မှာတော့ ပြည်သူ့ညီလာခံချုပ်ဟာ ရဲဘော် ကင်မ်ဂျုံအွန်းကို ပြည်သူ့ရေးရာ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ပြန်လည် တင်မြှောက် ခန့်အပ်လိုက်ကြောင်း KCNAက အတည်ပြုခဲ့ပါတယ်။

Public Service Announcement
ခေါင်းဆောင်ကြီး ကင်မ်ကို နိုင်ငံရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ စီရင်ဆုံးဖြတ်ပိုင်ခွင့် အမြင့်ဆုံး ရာထူးနေရာမှာ ပြန်လည် ခန့်အပ်နိုင်ခြင်းဟာ မြောက်ကိုရီးယား ပြည်သူ တစ်ရပ်လုံးဆီက တညီတညွတ်တည်း ပြသတဲ့ စိတ်ဆန္ဒကို မြင်သာစေတယ်လို့လည်း KCNAက ညွှန်းဆိုသွားပါတယ်။
မြောက်ကိုရီးယားမှာတော့ ကင်မ်ရဲ့ အဖိုးဖြစ်သူ၊ အဖေဖြစ်သူတို့က အစဉ်အဆက် အုပ်ချုပ်ခဲ့တာကြောင့် ကင်မ်မင်းဆက်လို့တောင် ရည်ညွှန်းခေါ်ဝေါ် ခံရပါတယ်။ အထီးကျန် ကွန်မြူနစ် နိုင်ငံဟာ ခေါင်းဆောင်နေရာကို ဒီမိုကရေစီ နည်းလမ်းနဲ့ တင်မြှောက်တယ် ဆိုတာမျိုး ပုံဖော်ထားပေမယ့် အနိုင်ရမယ့်သူ ဘယ်သူဖြစ်မလဲဆိုတာ အားလုံး ကြိုသိထားပြီး ဖြစ်တယ်လို့ ကိုရီးယား ကာကွယ်ရေး ဆန်းစစ်မှု သုတေသနဌာနရဲ့ မြောက်ကိုရီးယား အရေး လေ့လာစောင့်ကြည့်သူ လီဟိုယောင်းက ပြောပါတယ်။
အခုဆိုရင် ကင်မ်မိသားစုရဲ့ တတိယမျိုးဆက်ကပဲ အာဏာလက်ဝါးကြီးအုပ်ထားဆဲ ဖြစ်ပေမယ့် မြောက်ကိုရီးယားဟာ နိုင်ငံရေးအရ တရားဝင်ကြောင်း ပြသဖို့ အားထုတ်မှု အနေနဲ့ အခုလို အပေါ်ယံ မဲပေးရွေးချယ်တာတွေ လုပ်နေဆဲလို့ လီက ဆိုပါတယ်။
KCNAက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံထဲမှာတော့ ကင်မ်ဟာ ဖခင်ဖြစ်သူနဲ့ အဖိုးဖြစ်သူရဲ့ ဧရာမ မတ်တပ်ရုပ်တုကြီး နှစ်ခုရှေ့၊ ခန်းမကျယ်ကြီးရဲ့ စင်မြင့်ထက် ဗဟိုချက် တည့်တည့်မှာ ထိုင်နေပြီး ထိပ်တန်း အစိုးရ အရာရှိတွေက ဘေးတစ်ဖက်တစ်ချက်မှာ ခြံရံထားတာကို တွေ့ခဲ့ရပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ လတုန်းကလည်း အာဏာရ အလုပ်သမား ပါတီရဲ့ ငါးနှစ်တစ်ကြိမ် ပြုလုပ်တဲ့ မူဝါဒရေးရာ ညှိနှိုင်းအစည်းအဝေးကြီးကိုလည်း ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို အနယ်နယ် အရပ်ရပ်က ပါတီကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး နိုင်ငံရဲ့ အကြီးမားဆုံး နိုင်ငံရေး စုဝေးပွဲကြီးအဖြစ် သတ်မှတ်ထားပါတယ်။
ကိုးကား: AFP


















































