ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဆော်ဒီအာရေးဘီးယား နိုင်ငံဆီ ဒရုန်းကာကွယ်ရေး ကျွမ်းကျင် ပညာရှင်တွေ စေလွှတ်ပေးဖို့ ကမ်းလှမ်းထားပါတယ်။
ဆော်ဒီဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ အီရန်ကြား ဖြစ်ပွားနေတဲ့ လက်ရှိ စစ်ပွဲအတွင်း တခြား အမေရိကန် မဟာမိတ် ပင်လယ်ကွေ့ နိုင်ငံတွေနည်းတူ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။
မတ်လ ၂၆ ရက်နေ့မှာတော့ ဇီလန်စကီးဟာ ဆော်ဒီကို ရောက်ရှိခဲ့ပြီး အဲဒီ ခရီးစဉ် မတိုင်ခင် ကတည်းက ယူကရိန်း အနေနဲ့ ဆော်ဒီအတွက် ဒရုန်းကာကွယ်ရေး ပညာရှင်တွေ စေလွှတ်ပေးလိုကြောင်း ပြောကြားထားခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲမှာ အီရန်လုပ် ဒရုန်းတွေကို ရုရှားက အများအပြား အသုံးပြု တိုက်ခိုက်ခဲ့ပြီး ယူကရိန်းဟာ အဲဒီ စစ်လက်နက်တွေကို တန်ပြန်တဲ့ အပိုင်းမှာ အတွေ့အကြုံတွေ အများကြီးရပြီး ကျွမ်းကျင်ပညာရှင်တွေကို ပျိုးထောင် ပေးနိုင်ခဲ့ပါတယ်။
လက်ရှိ အီရန်စစ်ပွဲမှာလည်း ပင်လယ်ကွေ့ နိုင်ငံတချို့ဆီ ယူကရိန်း ဒရုန်းပညာရှင်တွေ ပေးပို့ထားပြီး အီရန်ရဲ့ ဖောက်ခွဲရေး ဒရုန်းတွေကို ကြားဖြတ် ဟန့်တားမှုမှာ ကူညီပေးနေပါတယ်။

Public Service Announcement
အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ စီစဉ်ထားကြောင်း၊ အာရပ်နိုင်ငံတွေ အနေနဲ့ ယူကရိန်းနဲ့ ပူးပေါင်းပြီး အလုပ်လုပ်ဖြစ်အောင် ကြားဝင် ညှိနှိုင်းပေး၊ ထောက်ခံပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်း၊ အဲဒီနိုင်ငံတွေရဲ့ ရပ်တည်ချက်ကိုလည်း ထောက်ခံသွားမှာဖြစ်ကြောင်း ဇီလန်စကီးက ဆော်ဒီကို ရောက်ရှိပြီးတဲ့နောက် လူမှုကွန်ရက် မီဒီယာမှာ ရေးသားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသရဲ့ ပဋိပက္ခဟာ စွမ်းအင် ဖူလုံရေးကို တိုက်ရိုက် ထိခိုက်စေသလို လူနေမှု စရိတ်တွေကိုပါ မြင့်တက်လာစေကြောင်း၊ အထူးသဖြင့် ယူကရိန်းရဲ့ မဟာမိတ်ဖြစ်ပြီး အရှေ့အလယ်ပိုင်းက ရေနံ၊ ဓာတ်ငွေ့နဲ့ တခြား အရင်းအမြစ်တွေကို မှီခိုနေရတဲ့ ဥရောပမှာ အဲဒီ သက်ရောက်မှုတွေ ဖြစ်ပေါ်စေကြောင်း၊ ကမ္ဘာ့စျေးကွက် တည်ငြိမ်မှုလည်း လှုပ်ခါလာနေကြောင်း ဇီလန်စကီးက ဆိုပါတယ်။
ဒရုန်းတွေကို ဟန့်တားတဲ့ စစ်ရေး အခင်းအကျင်းမှာ တန်ပြန် ဒရုန်းတွေ အပါအဝင် စစ်လက်နက်တွေ ထုတ်လုပ်ရုံနဲ့တင် မလုံလောက်ကြောင်း၊ နည်းပညာ မြင့်မားရုံနဲ့တင် မလုံလောက်ဘဲ တကယ့် စစ်မြေပြင်မှာ အဲဒီဒရုန်းတွေကို ထိန်းချုပ် မောင်းနှင်နိုင်တဲ့ အတွေ့အကြုံတွေလည်း လိုအပ်ကြောင်း၊ ဒါ့အပြင် ရေဒါတွေနဲ့ ချိတ်ဆက်တာ၊ ပျံသန်းမှု လမ်းကြောင်း တွက်ချက်တာနဲ့ တခြား ကာကွယ်ရေး အခင်းအကျင်းတွေကို ပိုင်နိုင်ဖို့လိုကြောင်း၊ ယူကရိန်းကတော့ အဲဒီ အတွေ့အကြုံတွေ အားလုံး ရှိနေကြောင်း ဇီလန်စကီးက မှတ်ချက်ပေးသွားပါတယ်။
ဆော်ဒီကို အီရန်ဒရုန်းတွေ ရန်ကနေ ဟန့်တားကာကွယ်ပေးမယ့် ကမ်းလှမ်းမှုကြောင့် ယူကရိန်းဟာလည်း ရုရှားကျူးကျော်စစ်ကို တွန်းလှန်ရာမှာ အထောက်အပံ့တွေ ပြန်လည် ရရှိလာဖို့ မျှော်လင့်ထားတယ်လို့ သူက ပြောပါတယ်။
အရှေ့အလယ်ပိုင်း နိုင်ငံတွေကို ယူကရိန်းက ကူညီရင်း ယူကရိန်းရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရေး တည်ဆောက်မှုမှာ အဲဒီနိုင်ငံတွေကလည်း အခွင့်အရေးတွေ ဖန်တီးပေးဖို့ မျှော်လင့်ကြောင်း၊ ဥပမာ ယူကရိန်းမှာ လုံလုံလောက်လောက် ရှိမနေတဲ့ လေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေက အာရပ်နိုင်ငံတွေမှာ ပေါပေါများများ ရှိနေကြောင်း၊ ဒီတော့ ယူကရိန်းဟာ သဘောတူညီမှု တစ်ခုခုကို ညှိနှိုင်း ရှာဖွေချင်ကြောင်းလည်း ဇီလန်စကီးက ပြင်သစ် သတင်းစာ Le Mondeနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
ယူကရိန်း ဒရုန်းကုမ္ပဏီ တချို့က အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီက ချဉ်းကပ် ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားပေမယ့် အစိုးရဆီက မီးစိမ်းမပြသေးလို့ ဘာမှ မဆုံးဖြတ်ရသေးကြောင်းလည်း မှတ်ချက်ပေးထားကြပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Reuters


















































