အမေရိကန်နဲ့ ညှိနှိုင်း သဘောတူညီမှု တစ်ခုခု ရယူနိုင်ဖို့ အီရန်မှာ အချိန်အများကြီး မကျန်တော့ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။
အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခု ရယူဖို့၊ ဒါမှမဟုတ် ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အီရန်ကို သူက ၁၀ ရက် အချိန်ပေးထားပြီး ဖြစ်ကြောင်း၊ အခုတော့ အီရန်အတွက် အချိန်က ကုန်သလောက် ဖြစ်နေပြီး သဘောတူညီမှု မရခဲ့ရင် အမေရိကန်ဟာ အီရန်အတွက် ငရဲမိုး ရွာပေးလိုက်မှာဖြစ်ကြောင်း ထရမ့်က ဧပြီ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အီရန် လေကြောင်းကာကွယ်ရေး စနစ်တွေက ဧပြီ ၃ ရက်နေ့မှာ အမေရိကန် တိုက်လေယာဉ် နှစ်စီးကို ပစ်ချခဲ့ပြီးချိန်မှာ ထရမ့်ဆီက အခုလို သတိပေးမှု ထွက်ပေါ်လာတာပါ။ အီရန်စစ်တပ်ဟာ F-15E တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး လေယာဉ်မှူး တစ်ဦးကို ရှာတွေ့ခဲ့ပေမယ့် နောက်တစ်ဦးရဲ့ အခြေအနေကတော့ ဧပြီ ၄ ရက်နေ့ ညပိုင်းထိ အတိအကျ မသိရသေးပါဘူး။
နောက်ထပ် ပစ်ချခံရတာကတော့ မြေပြင်ကို ပစ်ကူပေးတဲ့ မစ်ရှင်တွေမှာ အဓိက တာဝန်ယူလေ့ရှိတဲ့ A-10 တစ်စီး ဖြစ်ပါတယ်။ လေယာဉ်ဟာ မဟာမိတ် ကူဝိတ်နိုင်ငံ လေပိုင်နက်ထဲ ရောက်တဲ့ထိ ပြန်လာနိုင်ခဲ့ပြီး လေယာဉ်မှူးက ဘေးကင်းကင်း ခုန်ထွက်နိုင်ခဲ့ပြီး လေယာဉ်ကတော့ ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ထရမ့်က သူဟာ အီရန်ရဲ့ တပ်မဟာတွေကိုရော၊ အရပ်ဖက် ဓာတ်အားပေး အခြေခံ အဆောက်အအုံတွေကိုပါ တိုက်ခိုက်စေဖို့ အမိန့်ပေးလာနိုင်ကြောင်းလည်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အမေရိကန် စစ်တပ်ဟာ အီရန်မှာ လက်ရှိ ကြွင်းကျန်နေတဲ့ အရင်းအမြစ်တွေကို တိုက်ခိုက်ဖို့ စတောင် မစရသေးဘူးလို့လည်း သူက ဆိုပါတယ်။
အီရန် လုပ်ရမယ့် တစ်ခုတည်းသော ကိစ္စကတော့ အချိန်နှောင်းမသွားခင် သဘောတူညီမှု တစ်ခုခု ရယူဖို့ဖြစ်ပြီး အဲဒီလို မဟုတ်ရင်တော့ အီရန်ဆိုတာ ခမ်းနားတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ကြောင်း ပြစရာ မကျန်တော့တဲ့ထိ ဖြစ်သွားလိမ့်မယ်လို့ ထရမ့်က သတိပေးသွားပါတယ်။
တိုက်လေယာဉ်တွေ ပစ်ချတာ မခံရခင် တစ်ရက်တုန်းက ထရမ့်ဟာ အီရန်မှာ ဆင်နွှဲနေတဲ့ အမေရိကန် စစ်ဆင်ရေးတွေ အဆုံးသတ်လုနီးပါး အဆင့်ထိ ရောက်နေပြီလို့လည်း တစ်နိုင်ငံလုံးဆီ လိပ်မူပြီး မိန့်ခွန်းပြောခဲ့ပါတယ်။
ဒီမိုကရက်တစ် ပါတီကိုယ်စားပြု အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဆက်သ်မူလ်တန်ကတော့ တိုက်လေယာဉ် နှစ်စီး ပစ်ချခံရတဲ့အပြင် ပျောက်ဆုံးနေသူ F-15E လေယာဉ်မှူးကို လိုက်ရှာနေတဲ့ ရဟတ်ယာဉ် နှစ်စီးပါ အီရန်ရဲ့ ပစ်ခတ်မှုတွေ ထိမှန်ခံခဲ့ရတဲ့ အခြေအနေကို ကြည့်ရင် အသာစီး ရနေတာက အီရန်ဖြစ်နေတယ်လို့ သတ်မှတ်နိုင်ကြောင်း၊ ထရမ့်ကတော့ သူ့ကိုယ်သူလည်း ဘာလုပ်နေမှန်းတောင် သိပုံမရဘဲ ပြည်သူတွေကိုလည်း လိမ်လည်နေကြောင်း စွပ်စွဲသွားခဲ့ပါတယ်။
ကိုးကား: The Hill

















































