Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမီးဖြစ်သူက ကင်မ်ဂျုံအွန်းရဲ့ အရိုက်အရာ ဆက်ခံဖို့ ပိုမိုသေချာလာနေတယ်လို့ဆို

မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ သမီးဟာ ဖခင်ရဲ့ အရိုက်အရာ ဆက်ခံသူ ဖြစ်လိမ့်မယ် ဆိုတာက ထင်ကြေး ယူဆချက် သက်သက်တွေထက် ပိုမို ခိုင်မာလာနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ သမီးဟာ ဖခင်ရဲ့ အရိုက်အရာ ဆက်ခံသူ ဖြစ်လိမ့်မယ် ဆိုတာက ထင်ကြေး ယူဆချက် သက်သက်တွေထက် ပိုမို ခိုင်မာလာနေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။

ဧပြီ ၆ ရက်နေ့က တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာန (NIS)က တင်ပြတဲ့ အချက်အလက်တွေကို ကိုးကားပြီး အဲဒီအယူအဆကို လွှတ်တော်အမတ်တွေက ထုတ်ဖော် ဆွေးနွေးလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း သမီးဖြစ်သူ ကင်မ်ဂျူအေးနဲ့ ပတ်သက်ပြီး ခေါင်းဆောင်ကြီး ကင်မ်က လူသိရှင်ကြား ပြသခဲ့တဲ့ အပြုအမူတွေက ဂျူအေးဟာ အနာဂတ် မြောက်ကိုရီးယား အဓိပတိနေရာအတွက် လျာထားခံရသူဆိုတာ ပိုမို သေချာလာစေတယ်လို့ NISက အစီရင်ခံထားခဲ့ပါတယ်။

ပြီးတော့ အသက် ၁၅ နှစ်အောက် အရွယ်သာ ရှိသေးတဲ့ အဲဒီမိန်းကလေးဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် ပုဂ္ဂိုလ်အဖြစ် ပြည်တွင်းမှာ အသိအမှတ် ပြုခံထားရပြီးသား ဖြစ်ကြောင်း ပိုမိုခိုင်မာတဲ့ အထောက်အထားတွေကို NISက ဆက်တိုက် ရရှိနေတယ်လို့လည်း ဆိုပါတယ်။

မကြာသေးခင်က ဂျူအေးဟာ ဖခင်နဲ့အတူ မြောက်ကိုရီးယား တင့်ကားတစ်စီးကို လိုက်ပါစီးနင်းနေတဲ့ ဓာတ်ပုံတွေကို အစိုးရ မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။ NISက အဲဒီ ဓာတ်ပုံတွေ ထုတ်ပြန်မှုဟာ ဂျူအေးကိုယ်တိုင်က စစ်တပ်နဲ့ စစ်အင်အားအပေါ် ခိုင်ခိုင်မာမာ ယုံကြည် ထောက်ခံတယ် ဆိုတာကို ပြသဖို့နဲ့ မြောက်ကိုရီးယားမှာ အမျိုးသမီးတစ်ဦး ခေါင်းဆောင်လို့ ရပါ့မလားဆိုတဲ့ သံသယတွေကို ဖယ်ရှားရှင်းလင်းဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြောက်ကိုရီးယား အစိုးရပိုင် KCNAက သတင်းဌာနဟာ ကင်မ်နဲ့ သမီးဖြစ်သူတို့ အတူတူ အခမ်းအနားတွေ တက်ရောက်တာ၊ စစ်စခန်းတွေကို လှည့်လည်စစ်ဆေးတာတွေကို ဓာတ်ပုံတွေ ဆက်တိုက် ထုတ်ပြန်ခဲ့ပါတယ်။ ဂျူအေးဟာ စနိုက်ပါ ရိုင်ဖယ်တစ်လက်နဲ့ ပစ္စတို တစ်လက်တို့ကို ပစ်ခတ်နေတဲ့ ဓာတ်ပုံတွေလည်း ထွက်ပေါ်ခဲ့ပြီး လေ့လာသူတွေကတော့ အဲဒီ မိန်းကလေးဟာ စစ်ပညာကို စနစ်တကျ သင်ယူထားဟန် ရှိတယ်လို့ သုံးသပ်ကြပါတယ်။

ကင်မ်ကိုယ်တိုင် နိုင်ငံအကြီးအကဲ ဖြစ်မလာခင် သူ့ဖခင် အုပ်စိုးနေဆဲ ကာလတုန်းက အခုလို တူညီတဲ့ အနေအထားတွေကို ဖြတ်သန်းရင်း အရိုက်အရာခံ ပုဂ္ဂိုလ်ဆိုတာ မြင်သာအောင် ပြသမှုတွေ ရှိခဲ့ဖူးကြောင်း တောင်ကိုရီးယား အာဏာရ ဒီမိုကရက်တစ် ပါတီရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ဘဲ့ဆူဝမ်က ပြောကြားခဲ့ပါတယ်။

စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်မှုတွေအရ ဂျူအေးဟာ မူလက မြောက်ကိုရီးယား အဓိပတိ အရိုက်အရာခံ ပုဂ္ဂိုလ် ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းယူဆရုံ အဆင့်ကနေ အဲဒီနေရာအတွက် သေသေချာချာ ပျိုးထောင်ခံထားရတယ် ဆိုတာ ပေါ်လွင်လာတဲ့ အဆင့်ထိ ကူးပြောင်းလာနေတယ်လို့လည်း ဘဲ့က ဆိုပါတယ်။

မြောက်ကိုရီးယားဆိုင်ရာ ကျွမ်းကျင်သူ တချို့ကတော့ KCNAက ထုတ်ပြနေတဲ့ ဓာတ်ပုံတွေကိုချည်း ကိုးကားပြီး ကင်မ်ဂျူအေးကို မြောက်ကိုရီးယား အနာဂတ် ခေါင်းဆောင်အဖြစ် တိတိကျကျကြီး ကောက်ချက်မဆွဲသင့်သေးကြောင်း သတိပေးထားပါတယ်။

ကိုရီးယား အမျိုးသား ရင်ကြားစေ့ရေးဌာနရဲ့ သုတေသီ တစ်ဦးဖြစ်သူ ဟွန်မင်းကတော့ တင့်ကားပေါ်မှာ ဖခင်နဲ့အတူ တွေ့ရတဲ့ ဂျူအေးရဲ့ ဓာတ်ပုံဟာ ဖခင်ရဲ့ ကွပ်ကဲမှုအောက်မှာ အပြည့်အဝ ဆက်ရှိနေဆဲ ဆိုတာကို ပေါ်လွင်စေကြောင်း၊ ဥပမာ ကင်မ်ကိုယ်တိုင်ရဲ့ အဓိပတိ ရာထူးမဆက်ခံခင် ကာလတုန်းက စစ်စခန်းတွေကို လှည့်ပတ်စစ်ဆေးတဲ့အခါ သူ့ဖခင် မပါဘဲ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားလာခဲ့တာမျိုး အခြေအနေနဲ့ ပြန်လည် ချိန်ဆကြည့်ဖို့လိုကြောင်း သူက ထောက်ပြသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။