ယူကရိန်း နိုင်ငံရဲ့ မြို့တော်မှာ သေနတ်သမား တစ်ဦးက ရမ်းကားပစ်ခတ်ပြီး တချို့ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တဲ့ ဖြစ်ရပ်အတွင်း လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဧပြီ ၁၈ ရက်နေ့က ကိယက်ဗ်မြို့ရဲ့ တောင်ဖက်မှာရှိတဲ့ ဟိုလိုဆစ်ဗ်စကီ ခရိုင်မှာ အဲဒီ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ ပုံမှန်ဆိုရင် တစ်ဦးတည်း သီးသန့် နေလေ့ရှိတဲ့ အမျိုးသားက လမ်းပေါ်မှာ တွေ့သမျှ လူတွေကို ပစ်ခတ်ပြီး အနီးက စူပါမားကက် တစ်ခုထဲမှာ တခြားလူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီး အီဟော် ကလီမန်ကိုက ပြောပါတယ်။
နောက်ဆုံးမှာတော့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး သေနတ်သမားကို ရဲတွေက သုတ်သင် ရှင်းလင်းနိုင်ခဲ့ပါတယ်။ အခုလို တိုက်ခိုက်မှုမျိုး ဘာကြောင့် လုပ်ခဲ့သလဲ ဆိုတာကိုတော့ တာဝန်ရှိသူတွေက ဆက်လက် စုံစမ်းနေဆဲလို့ ကလီမန်ကိုက ဆိုပါတယ်။
ထိခိုက်သေကြေမှု စာရင်းကို တိတိကျကျ မသိရသေးပေမယ့် အနည်းဆုံး လူ ၁၄ ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၁၂ နှစ်သား ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement
ပစ်ခတ်မှု ဖြစ်ပွားတဲ့ နေရာမှာ လေးဦး သေဆုံးခဲ့ပြီး အသက် ၃၀ ဝန်းကျင် အမျိုးသမီး တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့ကြောင်း၊ သေနတ်သမားဟာ ဓားစာခံ တစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
စူပါမားကက်ထဲမှာ ဓားစာခံတွေကို ဖမ်းဆီးထားတဲ့ အတောအတွင်း သေနတ်သမားကို ရဲတပ်ဖွဲ့ရဲ့ ညှိနှိုင်းရေး အရာရှိတွေက မိနစ် ၄၀ လောက် စကားပြောပြီး အညံ့ခံဖို့ စည်းရုံးခဲ့သေးကြောင်းလည်း သိရပါတယ်။
သေနတ်သမားဟာ လုံးဝ မူမှန်မဟုတ်တဲ့ စိတ်ကစဉ့်ကလျား ပုံစံမျိုး ပြုမူခဲ့ကြောင်း၊ ဓားစာခံတွေထဲမှာ ဒဏ်ရာရသူ ရှိနေတာကို သတိပြုမိတဲ့အခါ တာဝန်ရှိသူတွေက သူ့ကို စည်းရုံးဖို့ အရင်ဆုံး ကြိုးစားခဲ့ကြောင်း ကလီမန်ကိုက ဆိုပါတယ်။
ဒဏ်ရာရထားသူအတွက် သွေးထွက်မလွန်အောင် ဆေးဝါးတွေ ပို့ဆောင်နိုင်အောင် ခွင့်တောင်းခဲ့ပေမယ့် သေနတ်သမားက မတုံ့ပြန်ခဲ့ကြောင်း၊ နောက်တော့ သူက ဓားစာခံ တစ်ဦးကိုပါ သတ်ပစ်ခဲ့မှန်း သိလာတဲ့အခါ အပြတ်ရှင်းဖို့ အမိန့်ကို ခွင့်ပြုပေးခဲ့ရကြောင်း ကလီမန်ကိုက ဆက်ပြောပါတယ်။
ယူကရိန်း ရှေ့နေချုပ် ရူစ်လန် ကရက်ဗ်ချန်ကိုက သေနတ်သမားဟာ အသက် ၅၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ရုရှားရဲ့ မြို့တော် မော်စကိုမှာ မွေးဖွားခဲ့ပြီး ယူကရိန်းရဲ့ ဒွန်းဘက်စ်ဒေသမှာ ကာလရှည်ကြာ အခြေချ နေထိုင်ခဲ့သူ တစ်ဦးလို့ ပြောကြားထားပါတယ်။ သူဟာ တရားဝင် မှတ်ပုံတင်ပြီး ကိုင်ဆောင်တဲ့ သေနတ်ကို ပစ်ခတ်မှုမှာ အသုံးပြုခဲ့ပါတယ်။
သေနတ်သမားဟာ ပစ်ခတ်မှု ကျူးလွန်ဖို့ ထွက်ခွာမလာခင်မှာ နေအိမ်ကိုပါ မီးတင်ရှို့ခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိ စစ်ပွဲကာလအတွင်း ကိယက်ဗ်ဟာ ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေ မကြာခဏ ကြုံတွေ့နေပေမယ့် အခုလို ပစ်ခတ်မှုမျိုးကတော့ အရမ်းရှားပါးတဲ့ အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Reuters


















































