Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ICCက ဖမ်းတာကို ခံမှာမဟုတ်ဘူးလို့ လွှတ်တော်ထဲမှာ ခိုလှုံနေရတဲ့ ဖိလစ်ပိုင် ရဲချုပ်ဟောင်းပြော

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဆီးမှုကို ခံမှာမဟုတ်ဘူးလို့ ဖိလစ်ပိုင် ရဲချုပ်ဟောင်း ရော်နယ်လ် ဒယ်လာရိုဆာက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဆီးမှုကို ခံမှာမဟုတ်ဘူးလို့ ဖိလစ်ပိုင် ရဲချုပ်ဟောင်း ရော်နယ်လ် ဒယ်လာရိုဆာက ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူ၊ မှောင်ခိုရောင်းဝယ်သူတွေကို ကြမ်းတမ်းရက်စက်တဲ့ နည်းလမ်းတွေနဲ့ ဖြိုခွင်းစေခဲ့တဲ့အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ICCမှာ ဖမ်းဆီး စစ်ဆေး ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ မဟာမိတ် တစ်ဦးဖြစ်သူ ဒယ်လာရိုဆာဟာ အခု သီတင်းပတ်ထဲမှာ သူ့ကို လိုက်ဖမ်းတဲ့ အေးဂျင့်တွေ လက်ထဲက ထွက်ပြေးပြီး လွှတ်တော်ထဲမှာ ခိုလှုံခွင့် တောင်းခဲ့ရပါတယ်။ သူဟာ လက်ရှိ အထက်လွှတ်တော် အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒယ်လာရိုဆာဟာ ဒူတာတေး သမ္မတအဖြစ် တာဝန်ယူခဲ့ချိန်တုန်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နာမည်ခံ ကြမ်းတမ်းရက်စက်တဲ့ ဖြိုခွင်းမှုတွေကို အဓိက ဦးဆောင် အကောင်အထည် ဖော်ပေးခဲ့သူပါ။ ICCက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့ ကတည်းက ဒယ်လာရိုဆာအတွက် ဝရမ်းထုတ်ထားခဲ့ပြီး မေလ ၁၁ ရက်နေ့မှာတော့ လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ – EPA

အဲဒီနောက်မှာတော့ လွှတ်တော်ရဲ့ စင်္ကြံမှာ ဒယ်လာရိုဆာဟာ အစိုးရ အေးဂျင့်တွေ လိုက်ဖမ်းတာကို ဝရုန်းသုန်းကား ထွက်ပြေးနေရတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယိုတွေက လူမှုကွန်ရက်ပေါ် ရောက်လာခဲ့ပါတယ်။ မေလ ၁၁ ရက်နေ့မှာတော့ ဒယ်လာရိုဆာဟာ အထက်လွှတ်တော် ရုံးခန်းထဲမှာပဲ ညအိပ်ခဲ့ပြီး ဒူတာတေးရဲ့ နောက်ထပ် မဟာမိတ် တစ်ဦးဖြစ်သူ လွှတ်တော် ဥက္ကဋ္ဌ အလန်ပီတာ ကာယီတာနိုက သူ့ကို ခိုလှုံခွင့် ပြုထားကြောင်း ကြေညာခဲ့ပါတယ်။ ဒယ်လာရိုဆာက သူဟာ ဘာအမှားမှ ကျူးလွန်မထားသလို ICCရဲ့ ဖမ်းဆီးမှုကိုလည်း ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒယ်လာရိုဆာက ဒူတာတေး မိသားစုနဲ့ ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေတဲ့ လက်ရှိ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ်ကိုလည်း သူ့ကို ICCမပို့ဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။ သမ္မတ အနေနဲ့ သူ့ကို နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ခုံရုံးဆီ မပို့ဖို့ မျှော်လင့်ကြောင်း ဒယ်လာရိုဆာက ဆိုပါတယ်။ အဲဒီအစား သူ့မှာ အပြစ်ရှိတယ်ထင်ရင် ဖိလစ်ပိုင် နိုင်ငံရဲ့ ဘယ်နေရာ၊ ဘယ်ဒေသက တရားရုံးမှာမဆို စစ်ဆေးလို့ ရတယ်လို့လည်း သူက မေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

သူက ပြစ်မှုကျူးလွန်တာ တစ်ခုခု ရှိနေတယ်လို့ စွပ်စွဲခံရရင် ကိုယ့်နိုင်ငံမှာပဲကိုယ် ခုခံ ဖြေရှင်းမှာ ဖြစ်ကြောင်း၊ တခြားနိုင်ငံ တစ်ခုဆီကို မသွားချင်ကြောင်း၊ ဒါဟာ သမ္မတအတွက် သူ့ရဲ့ အဆိုပြု ကမ်းလှမ်းချက်ဖြစ်ကြောင်းလည်း ဒယ်လာရိုဆာက ပြောပါတယ်။

မေလ ၁၂ ရက်နေ့မှာတော့ သူဟာ လွှတ်တော်ထဲမှာ ဆက်ရှိနေခဲ့သလို သူ့ကိုဖမ်းဖို့ စောင့်နေတဲ့ အစိုးရ အေးဂျင့်တွေနဲ့အတူ အဓိကရုဏ်း နှိမ်နင်းရေး ရဲဝန်ထမ်း ၁၀၀ လောက်က အဆောက်အအုံ အပြင်ဖက်မှာ အတားအဆီးတွေ ချပြီး စောင့်ဆိုင်းနေပါတယ်။

၂၀၁၆ ကနေ ၂၀၂၂ ခုနှစ်ထိ ဖိလစ်ပိုင် သမ္မတ တာဝန် ယူခဲ့တဲ့ ဒူတာတေးကတော့ မနှစ်က မတ်လတုန်းက မနီလာမြို့မှာ အဖမ်းခံခဲ့ရပြီး နယ်သာလန်ကို ညတွင်းချင်း ပို့ဆောင် ခံခဲ့ရပါတယ်။ ဒယ်လာရိုဆာဟာ ဒူတာတေးကို ICC ဖမ်းဆီးတဲ့ ကိစ္စအပေါ် မကြာခဏ ထုတ်ဖော် ရှုတ်ချခဲ့ပြီး တစ်ဖက်မှာလည်း ICCရဲ့ နောက်ဆက်တွဲ ပစ်မှတ်ဟာ သူကိုယ်တိုင် ဖြစ်လာမယ်ဆိုတဲ့ ထင်ကြေးတွေ ပျံ့နှံ့နေခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ အစိုးရရှေ့နေချုပ်ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေကြောင့် ရာထူးကနေ ထုတ်ပယ် ခံလိုက်ရပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။