ဘိုလီးဗီးယားမှာ ဆန္ဒပြ သတ္တုမိုင်း လုပ်သားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
မေလ ၁၄ ရက်နေ့က မြို့တော် လာပက်ဇ်မှာ စုဝေးချီတက်လာတဲ့ မိုင်းလုပ်သားတွေက ဒိုင်းနမိုက်တွေကိုပါ စနက်တံ မီးရှို့ပြီး ဖောက်ခွဲခဲ့သလို ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။ အစိုးရရဲ့ မူဝါဒတွေနဲ့ စက်သုံးဆီ စျေးတွေ ကြီးမြင့်လာမှုကို မကျေနပ်ရာက စတင်လာတဲ့ ဆန္ဒပြမှုတွေဟာ အခုအခါ ဒုတိယမြောက် သီတင်းပတ်ထဲ ဝင်ရောက်လာပြီး သမ္မတ ရိုဒရီဂို ပက်ဇ်အတွက်လည်း ဖိအားတွေ တိုးလာပါတယ်။
ဆန္ဒပြပွဲ နောက်ပိုင်းရက်တွေမှာတော့ ဒိုင်းနမိုက်တွေကို မီးရှို့တာကြောင့် နေရာအနှံ့ ပေါက်ကွဲသံတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ မေလ ၁၄ ရက်နေ့မှာ ထောင်ချီတဲ့ မိုင်းတွင်းလုပ်သားတွေဟာ လာပက်ဇ်မြို့လယ်ကို ချီတက်လာခဲ့ပြီး အလုပ်သမားရေးရာ မူဝါဒ ပြုပြင်ပြောင်းလဲရေး၊ စက်သုံးဆီ စျေးနှုန်းတွေ လျော့ကျစေရေး၊ လုပ်ငန်းသုံး ဖောက်ခွဲရေး ပစ္စည်းတွေ ပိုပြီး လွတ်လွတ်လပ်လပ် ဝယ်ယူခွင့်ရရေး ဆိုတာတွေကို တောင်းဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဆန္ဒပြပွဲတွေရဲ့ လားရာက ပြောင်းလဲသွားပြီး သမ္မတ နုတ်ထွက်ပေးဖို့ သံပြိုင် ကြွေးကြော်လာကြပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို တားဆီးဖို့ ကြိုးစားတဲ့အခါ အခြေအနေတွေက ရှုပ်ထွေးကုန်တာ ဖြစ်ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လာပက်ဇ်မြို့မှာ ဆန္ဒပြပွဲတွေကြောင့် လမ်းတွေပိတ်တာ၊ အုပ်ချုပ်ရေး ယန္တရား ရပ်တန့်တာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကလည်း လူတန်းစားပေါင်းစုံ ပါဝင်ခဲ့ပြီး အကြောင်းအရာတွေကလည်း ကွဲပြားပါတယ်။ ဥပမာ ကျောင်းဆရာ ဆရာမတွေက လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ချီတက် တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်ဒေါ်လာ အရန်သိုလှောင်မှု လျော့နည်းလာတာ၊ စွမ်းအင်ထုတ်လုပ်နိုင်စွမ်း ကျဆင်းလာတာတွေကြောင့် ဘိုလီးဗီးယား နိုင်ငံရဲ့ စီးပွားရေးဟာ အကျဖက်ကို ဦးတည်လာခဲ့ပါတယ်။ လက်ရှိ ဆန္ဒပြပွဲတွေကိုတော့ လယ်သမားတွေက လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဥပဒေတစ်ခု ပြင်ဆင်ရေး တောင်းဆိုရာကနေ အစပြုစေခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆ လလောက်ကမှ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ပက်ဇ်အတွက်တော့ လက်ရှိ အခြေအနေတွေက အရမ်း ဘေးကျပ်နံကျပ် ဖြစ်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ သူဟာ မျိုးဆက်တစ်ခုအတွင်း အဆိုးဆုံး စီးပွားရေး ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံကို အပြောင်းအလဲတွေ ဖန်တီးပေးမယ်ဆိုတဲ့ ကတိမျိုးနဲ့ ရွေးကောက်ပွဲမှာ မဲဆွယ်ခဲ့တာပါ။ ဒါပေမဲ့ အခြေအနေတွေက လက်ရှိ အချိန်ထိ ထူးထူးခြားခြား တိုးတက်ပြောင်းလဲမလာပါဘူး။
မြို့တော် လာပက်ဇ်ကို သတ္တုတူးဖော်ရေး အလုပ်သမားတွေ ချီတက် ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်အပြီးမှာတော့ သမ္မတဟာ အစိုးရ အဖွဲ့နဲ့ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူခဲ့ပါတယ်။ စီးပွားရေး ဝန်ကြီး ဟိုဆေး ဂေဘရီရယ်လ် အက်စ်ပီနိုဇာကတော့ အစိုးရ အနေနဲ့ ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြောင်း သတင်းထောက်တွေကို ပြောကြားထားပါတယ်။
ကိုးကား: DW





















































