Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခေါင်းဆောင်ဟောင်း ကက်စ်ထရိုကို တရားစွဲပြီး ကျူးဘားအပေါ် ဖိအားပေးမှုကို အမေရိကန် တိုးမြှင့်

အမေရိကန် နိုင်ငံသားတွေကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျူးဘား ခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စ်ထရိုကို အမေရိကန်က မျက်ကွယ်မှာ တရားစွဲဆိုလိုက်ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် နိုင်ငံသားတွေကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျူးဘား ခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စ်ထရိုကို အမေရိကန်က မျက်ကွယ်မှာ တရားစွဲဆိုလိုက်ပါတယ်။

၁၉၉၆ ခုနှစ်တုန်းက ကျူးဘားနိုင်ငံနဲ့ အမေရိကန်ရဲ့ ဖလော်ရီဒါ ပြည်နယ်ကြားမှာ အရပ်ဖက် လေယာဉ်ငယ် နှစ်စီးကို ကျူးဘားရဲ့ MiG-29 တိုက်လေယာဉ်တွေက ပစ်ချခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုလို ကက်စ်ထရိုအပေါ် စွပ်စွဲ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

အဲဒီတုန်းက ကျူးဘားကနေ ထွက်ပြေးလာသူတွေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးနေတဲ့ မီယာမီ အခြေစိုက် Brothers to the Rescueရဲ့ Cessna လေယာဉ်ငယ် နှစ်စီးဟာ နိုင်ငံတကာ ရေပိုင်နက်ပေါ်မှာ ပစ်ချခံခဲ့ရပြီး အမေရိကန် ၃ ဦး အပါအဝင် စုစုပေါင်း လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

အခုအခါ အသက် ၉၄ နှစ် ရှိနေပြီဖြစ်တဲ့ ကက်စ်ထရိုဟာ အဲဒီတုန်းက ကျူးဘား လက်နက်ကိုင် တပ်တွေကို ဦးဆောင်နေခဲ့သူ ဖြစ်ပါတယ်။ လက်နက် တပ်ဆင်မထားတဲ့ အရပ်ဖက် လေယာဉ်ငယ်တွေကို ပစ်ချခဲ့တဲ့ အဲဒီလုပ်ရပ်ကြောင့် ကျူးဘား အစိုးရဟာ နိုင်ငံတကာ အပြင်းအထန် ရှုတ်ချမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ ကွန်မြူနစ် စနစ်နဲ့ အုပ်ချုပ်တဲ့ ကျူးဘားအပေါ် နိုင်ငံရေးအရ ဖိအားပေးမှုတွေ တိုးမြှင့်လာချိန်မှာပဲ ကက်စ်ထရိုကို အခုလို အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။ လက်ရှိ ကျူးဘား သမ္မတ မီဂွယ်လ် ဒီယက်ဇ် ကာနဲလ်ကတော့ အဲဒီ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး နိုင်ငံရေးအရ အကွက်ဆင် ထိုးနှက်ချက် တစ်ခုသာဖြစ်ကြောင်း၊ တကယ်တမ်း ဥပဒေဘောင် စံနှုန်းတွေနဲ့ လုံးဝ မညီညွတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

မီယာမီမှာရှိတဲ့ ဖရီးဒမ်းတောင်းမြို့မှာ လက်ရှိ အမေရိကန် ယာယီ ရှေ့နေချုပ် တော့ဒ် ဘလန်ချေးက ကက်စ်ထရိုကို တရားစွဲမယ့် ကိစ္စကို ကြေညာခဲ့ပါတယ်။ ကက်စ်ထရိုအပေါ် စွပ်စွဲချက်တွေထဲမှာ အမေရိကန် နိုင်ငံသားတွေကို လုပ်ကြံသတ်ဖြတ်စေမှု၊ လေယာဉ်တွေကို ဖျက်ဆီးမှုတွေ ပါဝင်နေပါတယ်။

မတရား သေဆုံးခဲ့ရတဲ့ နိုင်ငံသားတွေအတွက် အမေရိကန် ပြည်ထောင်စုရော၊ သမ္မတ ထရမ့်ကပါ ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ဘလန်ချေးက ပြောပါတယ်။ အဲဒီ စွပ်စွဲချက်တွေကို အမေရိကန် တရားရုံး တစ်ခုမှာ လျှောက်ထား တင်သွင်းမှာဖြစ်ပြီး လူသတ်မှု စွပ်စွဲချက် တစ်ခုစီအတွက် အမြင့်ဆုံး ပြစ်ဒဏ်က ထောင်ဒဏ်တစ်သက်၊ ဒါမှမဟုတ် သေဒဏ် ဖြစ်နိုင်ပါတယ်။

ကျူးဘားဟာ သမိုင်းတလျှောက်မှာ အမေရိကန်ရဲ့ မျက်စိစပါးမွေး စူးစရာမျိုး ဖြစ်ခဲ့ပြီး ထရမ့်လက်ထက်မှာတော့ ဟာဗာနာ မြို့တော်မှာရှိတဲ့ အစိုးရအပေါ် ဖိအားပေးမှုတွေ သိသိသာသာ မြှင့်တင်လာခဲ့ပါတယ်။ အမေရိကန်ဟာ ကျူးဘားကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်ထားသလို ကျူးဘားဆီ လောင်စာဆီ ရောက်ရှိနိုင်မယ့် လမ်းကြောင်းတွေကိုလည်း တားဆီးထားပါတယ်။

ကျူးဘား သမ္မတ ဒီယက်ဇ် ကာနဲလ်က အမေရိကန်ဟာ ကျူးဘားအပေါ် စစ်ပြု ကျူးကျော်လိုတဲ့ ရည်မှန်းချက်အတွက် ကက်စ်ထရိုကို ပြဿနာရှာပြီး အကြောင်းပြချက် ဖန်တီးနေတာသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပြီး လေယာဉ်တွေကို ပစ်ချခဲ့တဲ့ ဖြစ်စဉ်ဟာ ကျူးဘား ရေပိုင်နက်ကို နှောင့်ယှက် ခြိမ်းခြောက်တဲ့သဘော ဖြစ်ခဲ့တာကြောင့် ကျူးဘား အနေနဲ့ ဥပဒေအရ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အပြည့်ရှိကြောင်း သူက ပြောကြားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်က ဗုံးကြဲနေတာတွေကို ရပ်နားထားသ၍ အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှု အားလုံးကို ဆိုင်းငံ့ထားမယ်လို့ အီရန်ဖက်က စကားကမ်းလှမ်းလာခဲ့ပါတယ်။