Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရိုမေးနီးယားမှာ လူနေတိုက်ပေါ် ရုရှားဒရုန်း ပျက်ကျပြီး မီးလောင်၊ ၂ ဦး ဒဏ်ရာရ

ရိုမေးနီးယားနိုင်ငံ ပိုင်နက်ထဲက လူနေတိုက် တစ်လုံးပေါ်ကို ရုရှားဒရုန်း ပျက်ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရိုမေးနီးယားနိုင်ငံ ပိုင်နက်ထဲက လူနေတိုက် တစ်လုံးပေါ်ကို ရုရှားဒရုန်း ပျက်ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မေလ ၂၉ ရက်နေ့ မနက်အစောပိုင်းတုန်းက နိုင်ငံ အရှေ့ပိုင်း၊ ယူကရိန်းနဲ့ နယ်စပ်နားက ဂါလာတီ မြို့ထဲက လူနေ အဆောက်အအုံပေါ် ရုရှားဒရုန်း ပျက်ကျခဲ့တာလို့ ရိုမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒရုန်းမှာ ပါလာတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကလည်း ပျက်ကျချိန်မှာ ထပေါက်ခဲ့တာကြောင့် အဆောက်အအုံရဲ့ ၁၀ ထပ်မှာ မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၂ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်း ပိုင်နက်ထဲကို ဒရုန်းတွေ ပစ်လွှတ် တိုက်ခိုက်ရာမှာ ပတ်ဝန်းကျင်က NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်မိတဲ့ ဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရုရှားဒရုန်းကြောင့် ရိုမေးနီးယားမှာ အရပ်သား ပြည်သူတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေထိ ကြုံခဲ့တာကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဖက်ကတော့ ရိုမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ဘာမှ မတုံ့ပြန်သေးပါဘူး။

အခုဖြစ်ရပ်ဟာ ရုရှားက စစ်ပွဲအတွင်း တာဝန်မဲ့ ပရမ်းပတာ ကျူးလွန်နေတဲ့ လုပ်ရပ်တွေက ဘယ်လောက် ကြီးမားတဲ့ သက်ရောက်မှုတွေ ကြုံတွေ့လာစေနိုင်သလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ရိုမေးနီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝေဖန်ခဲ့ပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကလည်း ရုရှားရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်းနဲ့ NATOဟာ ဒရုန်းတွေ အပါအဝင် ခြိမ်းခြောက်မှု ပုံစံအားလုံးကို တုံ့ပြန်ဖို့အတွက် ကာကွယ်ရေး အစီအမံသစ်တွေ အားဖြည့်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံ လေပိုင်နက်ထဲ ဒရုန်းတွေ ဝင်ရောက်လာတာကို ထောက်လှမ်းမိတဲ့နောက် F-16 တိုက်လေယာဉ် နှစ်စီးကို အရေးတကြီး ပျံတက်စေခဲ့ကြောင်းလည်း ရိုမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဂါလာတီမြို့ရဲ့ တောင်ဖက်မှာ ဒရုန်းတွေရဲ့ ပျံသန်းမှုကို တိုက်လေယာဉ်တွေက ရေဒါတွေနဲ့ ထောက်လှမ်းခဲ့ကြောင်း၊ အဲဒီထဲက တစ်စီးကတော့ လူနေအိမ် ခေါင်မိုးပေါ် ပျက်ကျသွားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ဧပြီလတုန်းကလည်း ဂါလာတီမှာ အလားတူပဲ ရုရှားဒရုန်းတစ်စီး ပျက်ကျခဲ့လို့ ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့ပေမယ့် ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

ယူကရိန်းစစ်ပွဲ ၄ နှစ်ကျော် ကာလအတွင်း အဲဒီစစ်ရေး ပဋိပက္ခနဲ့ ဆက်စပ်လို့ ရိုမေးနီးယား ပိုင်နက်ထဲ ဒရုန်းအစိတ်အပိုင်းတွေ ကျရောက်မှုဖြစ်စဉ် ၄၇ ခု ရှိခဲ့ဖူးပြီး အခုနှစ်ထဲမှာတင် ၁၂ ကြိမ် ကြုံတွေ့ထားကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။