Connect with us

Hi, what are you looking for?

သတင်း

လကို အပိုင်စီးလိမ့်မယ်ဆိုတဲ့ နာဆာရဲ့ စွပ်စွဲချက်တွေကို တရုတ် ဒေါသထွက်

နာဆာ အနေနဲ့ တရုတ်ရဲ့ အာကာသ သိပ္ပံပညာ ထွန်းကားရေး ရည်မှန်းချက်တွေနဲ့ ပတ်သက်ရင် အချက်အလက် မှန်တွေကို မျက်ကွယ်ပြုပြီး တာဝန်မဲ့ ပြောဆိုတာတွေ ရပ်တန်းက ရပ်သင့်ပြီလို့လည်း ကျန်းက ဝေဖန်သွားပါတယ်။

လကို အပိုင်စီးလိမ့်မယ်ဆိုတဲ့ နာဆာရဲ့ စွပ်စွဲချက်တွေကို တရုတ် ဒေါသထွက်
လကို အပိုင်စီးလိမ့်မယ်ဆိုတဲ့ နာဆာရဲ့ စွပ်စွဲချက်တွေကို တရုတ် ဒေါသထွက်

လကို မောင်ပိုင်စီးဖို့ ကြိုးစားနေကြောင်း နာဆာအကြီးအကဲရဲ့ စွပ်စွဲ ပြောဆိုမှုကို တရုတ်က ဒေါသတကြီး တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)ရဲ့ အကြီးအကဲဖြစ်သူ ဘီလ်နယ်လ်ဆန်က ဂျာမန် သတင်းဌာန Bildနဲ့ အင်တာဗျူးမှာ တရုတ်ဟာ စစ်ရေး ရည်မှန်းချက်အရ လကို အပိုင်သိမ်းဖို့ ကြံစည်နေပြီး ဒီကိစ္စကို လျှော့မတွက်သင့်ဘူးလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်ဟာ အာကာသ သိပ္ပံပညာရပ်ကို အရှိန်အဟုန်နဲ့ မြှင့်တင်နေခဲ့ပြီး လမျက်နှာပြင် စူးစမ်းရေးကို အဓိကထား အာရုံစိုက်ခဲ့ပါတယ်။ တရုတ်ဟာ ၂၀၁၃ ခုနှစ်မှာ လူတွေ မပါတဲ့ လပေါ် အခြေချမှုကို ပထမဆုံးအကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး အခု ဆယ်စုနှစ် အကုန်မှာတော့ လပေါ်ထိ လူတွေ ဆင်းသက်နိုင်တဲ့ ဒုံးပျံ နည်းပညာတွေ လက်တွေ့ ပိုင်ဆိုင်လာမယ်လို့ ယုံကြည်ရပါတယ်။

နယ်လ်ဆန်က လပေါ် ခြေချဖို့ တရုတ်ရဲ့ အပတ်တကုတ် အားထုတ်မှုတွေကို အလေးအနက် စိုးရိမ်မိကြောင်း ပြောပါတယ်။ တရုတ်တွေက လပေါ် ရောက်သွားပြီးရင် လကြီးတစ်ခုလုံးကို သူတို့ပိုင်ပြီး တခြား ဘယ်သူမှ မလာရဘူးဆိုတဲ့ အချိုးမျိုးတွေ လုပ်လာနိုင်တယ်လို့ နယ်လ်ဆန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တရုတ်ရဲ့ လမျက်နှာပြင် စူးစမ်းရေး ရည်မှန်းချက်တွေဟာ စစ်ရေး စီမံကိန်း တစ်ခုလို့ ယူဆနိုင်ပြီး တခြားနိုင်ငံတွေရဲ့ စိတ်ကူးတွေကို ခိုးယူ အကောင်အထည် ဖော်လာနိုင်တယ်လို့လည်း နယ်လ်ဆန်က စွပ်စွဲပါတယ်။ ဒါပေမဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နာဆာရဲ့ အကြီးအကဲက စကားတွေကို တရားလက်လွတ် လျှောက်ပြောတတ်တာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကျန်းလိရှန်က တရုတ်ကို နာမည်ဖျက်ဖို့ ပေါက်ကရတွေ ပြောဆိုနေတာက အမေရိကန်ရဲ့ ပုံမှန် လုပ်ငန်းစဉ်လို့တောင် သတ်မှတ်နိုင်ကြောင်း၊ တရုတ်ဟာ အနာဂတ်ကာလ ကမ္ဘာ့ အပြင်ဖက်မှာ လူသားတွေ ရှင်သန် နေထိုင်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်ကို တခြား သိပ္ပံပညာရပ် ထွန်းကားတဲ့ နိုင်ငံတွေနည်းတူ မျှဝေလိုပြီး အာကာသထဲမှာ စစ်ရေး ချဲ့ထွင်မှု၊ လက်နက် တပ်ဆင်မှုတွေကို ဆန့်ကျင်ကြောင်း ဆိုပါတယ်။

နာဆာ အနေနဲ့ တရုတ်ရဲ့ အာကာသ သိပ္ပံပညာ ထွန်းကားရေး ရည်မှန်းချက်တွေနဲ့ ပတ်သက်ရင် အချက်အလက် မှန်တွေကို မျက်ကွယ်ပြုပြီး တာဝန်မဲ့ ပြောဆိုတာတွေ ရပ်တန်းက ရပ်သင့်ပြီလို့လည်း ကျန်းက ဝေဖန်သွားပါတယ်။

လူ့သမိုင်းမှာ လပေါ် ခြေချဖူးတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ Artemis စီမံကိန်းအရ လရဲ့ ဂြိုဟ်ပတ်လမ်းထဲကို ၂၀၂၄ ခုနှစ်မှာ သိပ္ပံပညာရှင်တွေ စေလွှတ်ပြီး ၂၀၂၅ ခုနှစ်မှာတော့ လရဲ့ တောင်ဖက် ဝင်ရိုးစွန်းကို အာကာသ ယာဉ်မှူးတွေ ဆင်းသက်စေဖို့ ရည်ရွယ်ထားပါတယ်။ တရုတ်ကလည်း လရဲ့ တောင်ဝင်ရိုးစွန်းကို လူမပါတဲ့ အဝေးထိန်း အာကာသယာဉ် တစ်စီး စေလွှတ်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။