ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။
ဇွန်လ ၁၅ ရက်နေ့က မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်း မြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ကိယက်ဗ်မှာတော့ လူ ၅ ဦး အသက်ဆုံးရှုံးခဲ့သလို ကိယက်ဗ်-ပီချက်စ်ခ် လက်ဗ်ရာ ဘာသာရေး နယ်မြေမှာရှိတဲ့ Dormition ခရစ်ယာန် ဘုရားကျောင်းကြီးမှာလည်း မီးလောင်မှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီ ၁၁ ရာစုလက်ရာ ဘုရားကျောင်းကြီးကို ၁၉၉၀ ပြည့်နှစ်မှာ ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုအတွင်း ဘုရားကျောင်းမှာ ကြီးမားတဲ့ အပျက်အစီးတွေ ဖြစ်ခဲ့သလို အစိတ်အပိုင်း အတော်များများလည်း မီးလောင်ခဲ့ကြောင်း ကိယက်ဗ် အာဏာပိုင်တွေက ပြောပါတယ်။
ဇွန်လ ၁၆ ရက်နေ့မှာတော့ ယူနက်စကိုက ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အရေးအပါဆုံး နေရာတွေကို ရုရှားက ပစ်မှတ်ထား တိုက်ခိုက်နေတာတွေအပေါ် ရှုတ်ချကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းရဲ့ ပြင်ပ မျက်နှာစာမှာ သိသိသာသာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကြောင်းလည်း ယူနက်စကိုရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement
Dormition ဘုရားကျောင်းသာ မကဘဲ အိုင်ဗန်ကူရှ်နစ်ခ် မျှော်စင် အပါအဝင် အနီးတဝိုက်က သမိုင်းဝင် အဆောက်အအုံတွေမှာပါ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ အခုလို သမိုင်းအမွေအနှစ် အဆောက်အအုံတွေကို ထိခိုက် ပျက်စီးစေခြင်းဟာ လူ့အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှု၊ ပညာရေးနဲ့ ထိတွေ့ ဆက်နွှယ်ခွင့်တွေကို တားဆီးရာ ရောက်တယ်လို့လည်း ယူနက်စကိုက ပြောပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဒီတိုက်ခိုက်မှုဟာ စစ်ပွဲကာလအတွင်း ခရစ်ယာန် ဘာသာဝင်တွေအပေါ် ရုရှားက ကျူးလွန်လိုက်တဲ့ အကြီးမားဆုံး ရာဇဝတ်မှု တစ်ခုလို့ ဝေဖန်သွားပါတယ်။ သူက ရုရှားဟာ အဲဒီ ရှေးဟောင်း သမိုင်းဝင် အမွေအနှစ် နေရာကို ရည်ရွယ်ချက်ရှိရှိ တမင် တိုက်ခိုက် ဖျက်ဆီးခဲ့တာလို့လည်း စွပ်စွဲခဲ့ပါတယ်။
သူဟာ ယူကရိန်း ဝန်ကြီးချုပ် ယူလီယာ ဆိုင်ဗရီဒန်ကိုနဲ့အတူ ဘုရားကျောင်း အပျက်အစီးတွေကို ကိုယ်တိုင်သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ Dormition ဘုရားကျောင်းကို ရုရှားရဲ့ ဖောက်ခွဲရေး ဒရုန်းနှစ်စီးက တည့်တည့်မတ်မတ် ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
ရုရှားဟာ ဇွန်လ ၁၅ ရက် အရုဏ်မတက်ခင်တုန်းက ယူကရိန်းနိုင်ငံ အနှံ့ကို ဒုံးကျည် အစင်း ၇၀၊ ဒရုန်း ၆၁၁ စီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း၊ အများစုက ကိယက်ဗ်ကို ပစ်မှတ်ထား ဦးတည်ခဲ့ကြောင်း ယူကရိန်း လေတပ်က ထုတ်ပြန်ပါတယ်။ အဲဒီထဲက ဒုံးကျည် အစင်း ၅၀ နဲ့ ဒရုန်း ၅၈၂ စီးကိုတော့ ယူကရိန်းက ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Guardian


















































