စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အစောပိုင်းမှာ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်က စစ်ပြေငြိမ်းရေး သဘောတူညီမှု အစိတ်အပိုင်း တစ်ရပ်အနေနဲ့ အီရန် အစိုးရဟာ ပြန်လည် တည်ဆောက်ရေး ရန်ပုံငွေ ဒေါ်လာ ၃၀၀ ဘီလီယံကို အသုံးပြုခွင့် ရလာနိုင်ခြေရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီစကားကို အခြေခံပြီး အမေရိကန်ဟာ စစ်ပြေငြိမ်းရေးအတွက် အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးဖို့ ကတိပေးခဲ့ရတယ်ဆိုတဲ့ သတင်းတွေ စတင် ထွက်ပေါ်လာတာပါ။
ဇွန်လ ၁၆ ရက်နေ့မှာတော့ G7ညီလာခံ တက်ရောက်ဖို့ ပြင်သစ်ကို ရောက်ရှိနေတဲ့ ထရမ့်က အဲဒီ သတင်းတွေကို ပယ်ချသွားပါတယ်။ အခု သီတင်းပတ်ကုန်မှာ အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာကို အမေရိကန်က တရားဝင် လက်မှတ်ရေးထိုးမှာဖြစ်ပြီး အဲဒီအတွက်တော့ ဘာရင်းနှီးမြှုပ်နှံမှုမှ လုပ်စရာ မလိုဘူးလို့ ထရမ့်က ပြောပါတယ်။
အီရန်မှာ အမေရိကန်က ဘာမှ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ကြောင်း၊ စကားမစပ် ပြောရရင် အခုထွက်ပေါ်နေတဲ့ ကောလာဟာလတွေက ရယ်စရာကောင်းကြောင်း ထရမ့်က တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement
အမေရိကန် ကိုယ်တိုင်က ရွေးချယ်တာပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်က အမေရိကန်ကို တောင်းဆိုတာကြောင့်ပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံ အနေနဲ့ ကြားဝင်ပြီး လိုအပ်တယ် ထင်တာကို လုပ်လို့ရကြောင်း၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမယ့် ကိစ္စကတော့ မဟုတ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။
ပြင်သစ်ကို ထွက်ခွာမလာခင် ဇွန်လ ၁၅ ရက်နေ့ ညပိုင်းတုန်းကလည်း ထရမ့်ဟာ အမေရိကန် အနေနဲ့ စစ်ရပ်စဲရေးအတွက် အီရန်ဆီ ငွေကြေး အများအပြား ပေးလျော်ရမယ်ဆိုတဲ့ ကောလာဟလတွေဟာ သတင်းတု သတင်းမှားတွေလို့ လူမှုကွန်ရက်ပေါ် ရေးသားခဲ့ပါသေးတယ်။
အီရန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမှာ မဟာမိတ် အစ္စရေးရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံ တချို့ကို သူ့အနေနဲ့ သဘောမကျ ဖြစ်ခဲ့ကြောင်း ထရမ့်က ဝန်ခံပါတယ်။ ဒါပေမဲ့ သူနဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကြားမှာ အရမ်းခိုင်မာ အားကောင်းတဲ့ ဆက်ဆံရေးမျိုး ရှိနေဆဲလို့ ထရမ့်က အတည်ပြုသွားပါတယ်။
ကိုးကား: The Hill


















































