Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး သဘောတူညီမှုကို ညစာစားရင်း ထရမ့် လက်မှတ်ထိုး၊ အောင်ပွဲရခဲ့တာလို့ အီရန်ပြော

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဓာတ်ပုံ - White House

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်ခဲ့တဲ့ အီရန်စစ်ပွဲကို ရပ်ဆိုင်းဖို့ သဘောတူညီခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့မှာတော့ ထရမ့်က အခုလို လက်မှတ် ရေးထိုးခဲ့တာပါ။ နှစ်ဖက်စလုံးက လက်ရှိ စာချုပ်ကို MoUလို့ပဲ သုံးနှုန်းပြီး တရားဝင် ငြိမ်းချမ်းရေး စာချုပ်ကိုတော့ လာမယ့် နှစ်လအတွင်း အသေးစိတ် ညှိနှိုင်းပြီး လက်မှတ် ရေးထိုးသွားမယ်လို့ ပြောပါတယ်။

ထရမ့်ဟာ ပြင်သစ်နိုင်ငံမှာ G7 ထိပ်သီးညီလာခံ တက်ရောက်နေရင်း ဗာဆေးလ် နန်းတော်ထဲက ညစာစားပွဲမှာပဲ အချက် ၁၄ ခုပါတဲ့ သဘောတူညီမှု စာရွက်စာတမ်းကို လက်မှတ် ရေးထိုးခဲ့တာပါ။ အဲဒီ ညစာစားပွဲကိုတော့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က တည်ခင်းခဲ့တာ ဖြစ်ပါတယ်။ နန်းတော်ထဲက ထွက်လာချိန်မှာလည်း ထရမ့်က အခုလေးတင် MoUကို လက်မှတ်ရေးထိုးပြီးပြီလို့ သတင်းထောက်တွေဆီ အတည်ပြုခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေး ရရှိအောင် ကြားဝင် စေ့စပ်ပေးနေတဲ့ ပါကစ္စတန် အစိုးရက MoUကို အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းကလည်း လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်တာကြောင့် သဘောတူညီမှုတွေ စတင် အသက်ဝင်ပြီလို့ ကြေညာခဲ့ပါတယ်။ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီစမေးလ် ဘက်ကိုင်ကလည်း စာရွက်စာတမ်းတွေကို နှစ်ဖက် သမ္မတတွေ လက်မှတ်ထိုးပြီး ဖြစ်တယ်လို့ အစိုးရပိုင် IRNA သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ အခုကစပြီး MoUမှာပါတဲ့ အချက်အလက်တွေ အကောင်အထည် ဖော်မှုကို စမ်းသပ်ရမယ့်အချိန် ဖြစ်လာပြီလို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သဘောတူညီမှုတွေထဲမှာတော့ အီရန်က စစ်ကာလ တလျှောက်လုံးနီးပါး ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့၊ အမေရိကန်ကလည်း အီရန် သင်္ဘောတွေကို ပစ်မှတ်ထား တားဆီးနေတဲ့ ရေတပ်အင်အား ဖြန့်ကျက်မှုကို ရုပ်သိမ်းပေးဖို့၊ နောက်ဆုံးအဆင့် စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုပြီးရင် ရက်ပေါင်း ၃၀ အတွင်း အီရန်နိုင်ငံ တဝိုက်က အမေရိကန်တပ်တွေ ဆုတ်ခွာပေးဖို့၊ အီရန်ရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး ရည်မှန်းချက်တွေ စွန့်လွှတ်ကြောင်း သေချာလာတာနဲ့အမျှ အမေရိကန်နဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချဖို့၊ အီရန် အစိုးရ ပိုင်ဆိုင်မှုတွေကို အမေရိကန်က ကန့်သတ် ထိန်းချုပ်ထားမှုတွေ ပယ်ဖျက်ပေးဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

စစ်ပွဲပြီးသွားရင် အမေရိကန်ဟာ အီရန်မှာ ပြန်လည် တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဒေါ်လာ ၃၀၀ ဘီလီယံဖိုးလောက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ပေးမယ်ဆိုတဲ့ သတင်းတွေကို အစောပိုင်းမှာ ထရမ့်က ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ MoUမှာတော့ အမေရိကန်နဲ့ ဒေသတွင်း အီရန် အိမ်နီးချင်း နိုင်ငံတွေဟာ ဖွံ့ဖြိုးရေးနဲ့ ပြန်လည် တည်ဆောက်ရေး အစီအမံအတွက် အီရန်ဆီကို အနည်းဆုံး ရန်ပုံငွေ ဒေါ်လာ ၃၀၀ ဘီလီယံ ထောက်ပံ့ပေးရမယ် ဆိုတဲ့အချက် ပါဝင်လာပါတယ်။ အမေရိကန်ရဲ့ ထည့်ဝင်ငွေကတော့ အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကြေးတွေအစား ပုဂ္ဂလိကနဲ့ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတွေ ဆီကနေ စိုက်ထုတ်ပေးစေဖို့ ရည်ရွယ်ထားပါတယ်။

MoUကို နှစ်ဖက် သမ္မတတွေ လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်တာကြောင့် လူချင်းတွေ့ပြီး အခမ်းအနားတစ်ခုနဲ့ လက်မှတ်ထိုးနေစရာ မလိုတော့ဘူးလို့ အီရန်ဖက်က ထုတ်ပြန်ပါတယ်။ မူလက အဲဒီ MoU လက်မှတ်ရေးထိုးမှုကို ဆွစ်ဇာလန် နိုင်ငံမှာ ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အီရန်ကတော့ အခု စာချုပ်ပါ အချက်အလက်တွေကို ကြည့်ရင် စစ်ပွဲမှာ အမေရိကန် ရှုံးနိမ့်ခဲ့မှန်း မြင်သာစေကြောင်း ပြောပါတယ်။ ပြည်သူတွေ အနေနဲ့ အဲဒီ အချက်တွေကို လေ့လာကြည့်ပြီးရင် အဓိပ္ပါယ်ကို အကဲဖြတ်နိုင်လိမ့်မယ်လို့ အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်က ဇွန်လ ၁၇ ရက်နေ့ ညပိုင်းက ရုပ်မြင်သံကြားမှာ ပြောကြားသွားပါတယ်။

အမေရိကန်ဟာ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို ရုတ်တရက် တိုက်ခိုက်ခဲ့တဲ့နောက် တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး၊ စစ်လက်နက် အမြောက်အမြား ပြုန်းတီးခဲ့တဲ့နောက် အပစ်အခတ် ရပ်စဲရေးနဲ့ စစ်ရပ်ဆိုင်းရေးတို့ကို ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ အီရန်ဟာ စစ်ပွဲမှာ အကြီးအကျယ် အထိနာခဲ့ပေမယ့် ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသခဲ့ပါတယ်။ ပြည်တွင်းမှာ ထောက်ခံမှုတွေ ကျဆင်းနေတဲ့ စစ်ပွဲကို ထရမ့်က ရပ်တန့်လိုက်ပေမယ့် အကျိုးဆက်တွေက ဒေသတွင်း အမေရိကန် မဟာမိတ် နိုင်ငံတွေအပေါ် ဆက်ပြီး ရိုက်ခတ်ခဲ့ပါတယ်။

MoUကို လက်မှတ်မထိုးခင် နာရီပိုင်း အလိုမှာတော့ ထရမ့်က တကယ်လို့ အီရန်သာ သဘောတူညီချက်တွေကို လေးစား လိုက်နာမှု မရှိဘဲ ချိုးဖောက်ခဲ့မယ်ဆိုရင် တစ်နိုင်ငံလုံးကို အကြီးအကျယ် ဗုံးကြဲပစ်မယ် ဆိုတာမျိုး ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီကပဲဖြစ်တဲ့ အထက်လွှတ်တော် အမတ် ဘီလ်ကက်ဆိုင်ဒီကတော့ ဒီစစ်ပွဲမှာ အီရန်က အများကြီး အမြတ်ထွက်သွားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေက လုံးဝ လွင့်ပြယ်သွားမှာ မဟုတ်ကြောင်း၊ တစ်ဖက်မှာတော့ စစ်ဖြစ်လာတဲ့အခါ ဟောမုဇ် ရေလက်ကြားကို ပိတ်ချလိုက်တာက ဘယ်လောက် အလုပ်ဖြစ်သလဲဆိုတာ အီရန်အနေနဲ့ လက်တွေ့ သိမြင်ခွင့် ရသွားကြောင်း၊ အခုဆိုရင် အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားပေးရတော့မှာဖြစ်ပြီး ဗုံးကြဲမှုတွေလည်း ရပ်နားသွားကြောင်း၊ ဆယ်စုနှစ်တွေ အတောအတွင်း တွေ့ဖူးမြင်ဖူးသမျှ အမေရိကန်ရဲ့ အဆိုးတကာ့ အဆိုးဆုံး နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အမှားအယွင်း တစ်ခုအဖြစ် လက်ခံရုံသာရှိကြောင်း သူက ထောက်ပြသွားခဲ့ပါတယ်။

လက်ဘနွန် အခြေစိုက် အီရန် မဟာမိတ် ရှီးဟိုက် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာရဲ့ အကြီးအကဲ နီယမ် ကာဆမ်ကလည်း အခု MoU သဘောတူညီမှုဟာ အီရန်အတွက် မဟာအောင်ပွဲတစ်ခုလို့ ချီးကျူးခဲ့ပါတယ်။ နောက်ပြီး လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာတွေကို အစ္စရေးက တိုက်ခိုက်တာကြောင့် ဖြစ်ပွားနေတဲ့ စစ်ပွဲကိုပါ ရပ်တန့်ပေးဖို့ အီရန် အစိုးရရဲ့ ထည့်သွင်း တောင်းဆိုမှုအတွက် ကျေးဇူးတင်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။

MoUကို လက်မှတ်ရေးထိုးပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့ဟာ အီရန် နျူကလီးယား အရေးအပါအဝင် အရေးကြီးတဲ့ နောက်ဆက်တွဲ ကိစ္စတွေကို နှစ်လအတွင်း အသေးစိတ် ဆက်လက် ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရ အရာရှိ တစ်ဦးကတော့ အီရန်က နျူကလီးယား လက်နက် ရည်မှန်းချက်တွေကို စွန့်လွှတ်လိုက်တယ် ဆိုတာကတင် အမေရိကန်အတွက် အကြီးစား အောင်ပွဲကြီးတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ သတင်းထောက်တွေကို မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။