Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒရုန်းစစ်သည် ၅ သိန်း လေ့ကျင့်ပေးဖို့ တောင်ကိုရီးယား ရည်ရွယ်ထား

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

ဓာတ်ပုံ - Getty Images

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး စွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် ဒရုန်းတွေကို အင်အားအလုံးအရင်း တိုးမြှင့် ဖြန့်ကျက်သွားမယ်လို့ ကြေညာပါတယ်။ အဲဒီထုတ်ပြန်ချက်မှာတော့ ဒရုန်းတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်အောင် လေ့ကျင့်ထားတဲ့ ဒရုန်းစစ်သည် ၅ သိန်းလောက်ထိ ပိုင်ဆိုင်လာဖို့ တောင်ကိုရီးယားက ရည်ရွယ်ထားကြောင်းလည်း ပါရှိခဲ့ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်းဂျူဘဲ့က စစ်တပ်ဟာ ၂၀၂၉ ခုနှစ် မတိုင်ခင်မှာ ဒရုန်းပေါင်း ၁၁၀၀၀၀ လောက် ဖြည့်တင်းထုတ်လုပ်ပြီး ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ မရိန်းတပ်တွေအတွက် ဖြန့်ဝေပေးသွားမယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာတော့ စစ်တပ်က အဲဒီ ကိန်းဂဏန်းကို ၆၀၀၀၀ လို့ ပြင်ဆင်သတ်မှတ်ခဲ့ပြီး ၂၀၂၆ ခုနှစ်ထဲမှာတော့ ဒရုန်း ၁၁၀၀၀ လောက်ကို စစ်ရေးယူနစ်တွေဆီ စတင်ခွဲဝေ ပို့ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီးရဲ့ အဆိုအရ တောင်ကိုရီးယားဟာ အနာဂတ်မှာ စစ်သား တစ်ယောက်ချင်းစီရဲ့ စံသတ်မှတ်ချက် စစ်ရေး အသုံးအဆောင်တွေမှာ ဒရုန်းတွေကို ထည့်သွင်းဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

လျင်လျင်မြန်မြန် ပြောင်းလဲလာနေတဲ့ စစ်မြေပြင်တွေရဲ့ သဘောသဘာဝအရ ဒရုန်းတွေ ဆိုတာက စစ်သား တချို့လောက်ကပဲ အကန့်အသတ်နဲ့ ကိုင်တွယ်နေတဲ့ ပစ္စည်းမျိုး မဖြစ်သင့်တော့ကြောင်း၊ စစ်သားတိုင်း အသုံးပြုတဲ့ စံသတ်မှတ်အဆင့် စစ်ရေးကိရိယာတစ်ခု အနေနဲ့ ပြောင်းလဲဖို့ လိုလာကြောင်း အန်းက မှတ်ချက်ပေးခဲ့ပါတယ်။

ပမာဏ များပြားလှတဲ့ ဒရုန်းတွေကို ရေရှည် ချဲ့ထွင် တည်ဆောက်သွားရာမှာ တောင်ကိုရီးယားဟာ နည်းပညာ လုံခြုံရေးအရ တရုတ်ကနေ ကုန်ကြမ်းပစ္စည်းတွေ မှာယူတင်သွင်းမှာ မဟုတ်ဘူးလို့လည်း အန်းက ဆိုပါတယ်။ အဲဒီအစား ဒရုန်းတွေ တည်ဆောက်မှု အဆင့်ဆင့်ကို ပြည်တွင်းမှာပဲ အကောင်အထည် ဖော်ဖို့ ရည်ရွယ်ထားကြောင်း သူက ဆက်ပြောပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းက စစ်ပွဲတွေမှာ ဒရုန်းတွေရဲ့ အရေးပါမှု အခန်းကဏ္ဍကို အဆက်မပြတ် လေ့လာပြီးတဲ့နောက် တောင်ကိုရီးယားဟာ စစ်ဆင်ရေးအတွက် ဒရုန်းတွေ အသုံးပြုမှု ချဲ့ထွင်မယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တန်ဖိုးသင့်၊ အကုန်အကျနည်းတဲ့ ဒရုန်းတွေကို စစ်မြေပြင်မှာ အုံနဲ့ကျင်းနဲ့ တပြိုင်တည်း ပစ်လွှတ်တာဟာ မျက်မှောက်ကာလ စစ်ပွဲတွေမှာ အခြေခံ နည်းလမ်းတစ်ခု ဖြစ်လာနေကြောင်း အန်းက မှတ်ချက်ပေးခဲ့ပါတယ်။

တောင်ကိုရီးယားဟာ တိုက်ခိုက်ရေးအတွက် ဒရုန်းတွေကိုသာ ထုတ်လုပ်မှာ မကဘဲ ဒရုန်းတန်ပြန် ဖျက်ဆီးရေး နည်းပညာတွေကိုလည်း ချဲ့ထွင် တပ်ဆင်သွားမယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ဒရုန်းတွေကို လေဆာရောင်ခြည် အသုံးပြုပြီး ပစ်ချတာ၊ မိုက်ခရိုဝေ့ဗ် လှိုင်းတွေသုံးပြီး အဆက်အသွယ် ပြတ်တောက်သွားစေတာမျိုးတွေလည်း ပါဝင်ပါတယ်။

တောင်ကိုရီးယား ဝန်ကြီးဌာနကတော့ ပြည်တွင်းမှာ စစ်သုံးဒရုန်းတွေ ထုတ်လုပ်မှုကို မြှင့်တင်ပြီး ဝယ်ယူနိုင်မှုကိုလည်း ချဲ့ထွင်ဖို့အတွက် သင့်တော်တဲ့ စည်းမျဉ်းပိုင်း အပြောင်းအလဲတွေ မိတ်ဆက်သွားမယ်လို့လည်း မှတ်ချက်ပေးထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်မှာ ဖြစ်သလို ပိုပြီးကြီးမားတဲ့ စစ်သင်္ဘောကြီးတွေနဲ့ အားဖြည့်သွားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။

နိုင်ငံတကာ

စစ်အင်အား ချဲ့ထွင် တည်ဆောက်မှုကို အရှိန်အဟုန်နဲ့ တိုးမြှင့်သွားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။