အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။
အနောက်ပါပူအာ အမျိုးသားလွတ်မြောက်ရေးတပ် (TPNPB)က သူတို့ဟာ နစ်ကိုလက်စ် ဂေါ့စီလင်ရဲ့ လေယာဉ် ဆင်းသက်လာချိန်မှာ ခြုံခို တိုက်ခိုက်ခဲ့ပြီး အမေရိကန် လေယာဉ်မှူးကို ပစ်သတ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ လေယာဉ်ကိုလည်း လေယာဉ်ကွင်းမှာတင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း TPNPBက ထုတ်ပြန်ခဲ့ပါတယ်။
TPNPBဟာ ပါပူအာဒေသ ခွဲထွက်ရေးအတွက် လှုပ်ရှားတောင်းဆိုနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ သူတို့က အရပ်သား လေယာဉ်မှူးတွေဟာ အရပ်ဖက် လေယာဉ်ငယ်တွေကို အသုံးပြုပြီး အင်ဒိုနီးရှား အစိုးရ တပ်တွေကို TPNPB လှုပ်ရှားနယ်မြေတွေဆီ ပို့ဆောင်ပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဂေါ့စီလင်ကို သတ်ဖြတ်ခဲ့တာက ဒီလုပ်ရပ်တွေကို ဟန့်တားဖို့ တိကျတဲ့ သတင်းစကားတစ်ခု ပေးပို့လိုက်ခြင်းလို့လည်း TPNPBက ကြေညာခဲ့ပါတယ်။
ဂေါ့စီလင်ရဲ့ လေယာဉ်ဟာ ဇူလိုင် ၂ ရက်နေ့တုန်းက တောင်ထူထပ်ရာ ပါပူအာဒေသရဲ့ ဝေးလံခေါင်သီတဲ့ ဆိုဘာဟမ် ခရိုင်ထဲက လေယာဉ်ကွင်းလေး တစ်ခုမှာ ဆင်းသက်ပြီး ချက်ချင်းဆိုသလိုပဲ အငိုက်ဖမ်း တိုက်ခိုက်မှု ခံခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ အင်ဒိုနီးရှား စစ်တပ်က လေယာဉ်မှူးရဲ့ အလောင်းနဲ့ မီးရှို့ခံထားရတဲ့ လေယာဉ်ကို ရှာတွေ့ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement
လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၇ ဦးကတော့ လက်နက်ကိုင် ခွဲထွက်ရေး ပြောက်ကျားတွေရဲ့ တိုက်ရိုက် ရန်ပြုမှု၊ ဖမ်းဆီးမှု ခံထားရတယ် ဆိုတာမျိုး သတင်းမကြားရပါဘူး။ ဒါပေမဲ့ ပစ်ခတ်မှု ဖြစ်ပွားချိန်မှာ တကွဲတပြားစီ ထွက်ပြေးကုန်ပြီး ဇူလိုင် ၃ ရက် မနက်ပိုင်းထိ အခြေအနေအရ သူတို့ ဘယ်ရောက်နေသလဲ ဆိုတာကို မသိရသေးပါဘူး။
အင်ဒိုနီးရှား အရပ်ဖက် လေကြောင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေရဲ့ အဆိုအရ လေယာဉ်ဟာ ဆင်းသက်ချိန်ထိ အရာရာ ချောချောမွေ့မွေ့ ဖြစ်နေကြောင်း အဆက်အသွယ် ရခဲ့ပြီး အဲဒီနောက်မှာ ရုတ်တရက် အဆက်အသွယ် ပြတ်သွားခဲ့ကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံသား သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ဂျကာတာမြို့မှာရှိတဲ့ အမေရိကန် သံရုံးပါ ဘာသဘောထား မှတ်ချက်မှ မပေးသေးပါဘူး။
ထိန်းချုပ်နယ်မြေထဲ အရပ်ဖက် လေယာဉ်တွေ ဆင်းသက်တာကို TPNPBက ခွင့်မပြုကြောင်း ရှင်းရှင်းလင်းလင်း သတိပေး ကြေညာထားပြီး ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆက်ဘီ ဆမ်ဘွမ်က ပြောပါတယ်။ အဲဒီ ရာဇသံကို ချိုးဖောက်ပြီး ပါပူအာဆီ ခွင့်ပြုချက်မရှိဘဲ ရောက်လာတဲ့ လေယာဉ်ကို ပစ်ခတ် တိုက်ခိုက်ပြီး မီးရှို့ခဲ့ကြောင်းလည်း သူက ပြောကြားသွားပါတယ်။
သူက လက်ရှိ ဒေသတွင်း စစ်ရေးပဋိပက္ခတွေကို စေ့စပ်ညှိနှိုင်းမှု နည်းလမ်းနဲ့ ဖြေရှင်းဖို့လည်း အင်ဒိုနီးရှား အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာ ပါပူအာကို အင်ဒိုနီးရှား ပိုင်နက်ထဲ သွတ်သွင်းလိုက်ရာကနေ လက်နက်ကိုင် ခွဲထွက်ရေး လှုပ်ရှားမှုတွေ စတင်လာခဲ့တာပါ။
၂၀၂၄ ခုနှစ်တုန်းကလည်း နယူးဇီလန် လေယာဉ်မှူး တစ်ဦးဟာ TPNPBရဲ့ ၁၉ လကြာ ချုပ်နှောင်ဖမ်းဆီးခြင်း ခံထားရာကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီလို လွတ်မြောက်ဖို့ နယူးဇီလန် အစိုးရက အချိန်အကြာကြီး စေ့စပ်ဆွေးနွေးခဲ့ရပါတယ်။
အဲဒီနှစ် ဩဂုတ် ၅ ရက်နေ့တုန်းကလည်း ရဟတ်ယာဉ် တစ်စီးဟာ ပါပူအာက ဝေးလံသီခေါင်တဲ့ ကျေးရွာတစ်ခုဆီ ဆင်းသက်ပြီး ချက်ချင်းဆိုသလို TPNPB လက်နက်ကိုင် အဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် နယူးဇီလန် လေယာဉ်မှူး ဂလန်း မယ်လ်ကွမ်ကွန်နင် သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ ရဟတ်ယာဉ်ပေါ် ပါလာသူတွေကတော့ ပါပူအာ ဒေသခံတွေ ဖြစ်တာကြောင့် လက်နက်ကိုင်တွေက ရန်မပြုဘဲ လွှတ်ပေးခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC
















































