ဇူလိုင် ၄ ရက်နေ့က ကမ္ဘာ့ဖလားရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေကို ပထမဆုံးအကြိမ် စတင်ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကြီး ပြင်သစ် အသင်းက ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့သလို ပူးတွဲအိမ်ရှင် ကနေဒါကတော့ အာဖရိကထိပ်သီး မော်ရိုကို အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကို နှုတ်ဆက်သွားရပြီ ဖြစ်ပါတယ်။

ပြင်သစ် ၁ – ၀ ပါရာဂွေး
ပြီးခဲ့တဲ့ ၁၆ သင်း ရှုံးထွက်အဆင့်မှာ နာမည်ကြီး ဂျာမနီကို ဖြုတ်ချခဲ့တဲ့ ပါရာဂွေးဟာ အခုပွဲမှာလည်း ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး အသင်းတစ်သင်းဖြစ်တဲ့ ပြင်သစ်ကို အခက်တွေ့အောင် ကစားပြသွားခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့ တိုက်စစ်စွမ်းဆောင်ရည် အကောင်းဆုံး အသင်းတစ်သင်းလို့ သတ်မှတ်ခံထားရတဲ့ ပြင်သစ်ဟာ ပါရာဂွေးကို ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။
ပထမပိုင်းမှာ ပြင်သစ်ဖက်က မိုက်ကယ်အိုလီဆေး၊ အန်ဒရီ ရာဘီယော့တို့ရဲ့ အဝေးကန်ချက်တွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပါရာဂွေးကို ကြီးကြီးမားမား မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ပြင်သစ်ဟာ ပထမပိုင်းမှာ အပိုင်ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပြင်သစ်အသင်း မန်နေဂျာ ဒီဒီယာ ဒေးရွှမ့်က ဘရက်ဒ်လေ ဘာကိုလာအစား ဒီဆိုင်ရာ ဒူဝီကို လူစားလဲပြီး နည်းဗျူဟာ အပြောင်းအလဲ လုပ်ခဲ့ပြီး အောင်မြင်မှုလည်း ရခဲ့ပါတယ်။ ပါရာဂွေး ပင်နယ်တီ ဧရိယာထဲ ဝင်မွှေတဲ့ လူငယ် တောင်ပံတိုက်စစ်သမား ဒူဝီကို ကွင်းလယ်လူ ဒီယေဂို ဂိုမက်ဇ်က တားဆီးပုံ ကြမ်းခဲ့တာကြောင့် ပါရာဂွေးအသင်း ပင်နယ်တီ ပေးခဲ့ရပါတယ်။ အဲဒီပင်နယ်တီကို ပြင်သစ် အသင်းခေါင်းဆောင် ကီလီယန် အမ်ဘက်ပေက အမှားအယွင်းမရှိ ကန်သွင်းပြီး ပြင်သစ်တို့ ပွဲကို စတင်ဦးဆောင်ခဲ့ပါတယ်။

Public Service Announcement
ဂိုးပေးလိုက်ရတဲ့နောက် ပါရာဂွေးက တိုက်စစ်ကို ပိုဖွင့်ကစားလာသလို ပြင်သစ်အတွက်လည်း အပိုင်ဂိုးသွင်းခွင့်တွေ ပိုရလာပါတယ်။ ဒါပေမဲ့ ပါရာဂွေး ဂိုးသမား အော်လန်ဒိုဂေးလ်က ထူးထူးခြားခြား လက်စွမ်းပြပြီး ကာကွယ်သွားတာကြောင့် အမ်ဘက်ပေ ဦးဆောင်တဲ့ ပြင်သစ်တိုက်စစ်က ဂိုးထပ်မသွင်းနိုင်ခဲ့ပါဘူး။ ပွဲအပြီးမှာတော့ ပြင်သစ်ကပဲ တစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးရခဲ့တာကြောင့် အမ်ဘက်ပေဟာ ဒီနှစ်ပြိုင်ပွဲမှာ ၇ ဂိုးထိ သွင်းယူပြီး ဂိုးသွင်းဘုရင်ဆုအတွက် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့အတူ ပူးတွဲ ဦးဆောင်နေပါတယ်။

ကနေဒါ ၀ – ၃ မော်ရိုကို
အရင်အဆင့်မှာ နာမည်ကြီး နယ်သာလန်ကို စောစော အိမ်ပြန်စေခဲ့တဲ့ မော်ရိုကို အသင်းဟာ ပူးတွဲအိမ်ရှင် ကနေဒါကို ဂိုးပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ်ဆီ တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ကနေဒါဟာ ပထမပိုင်းမှာ တိုက်စစ်ကို ပိုဖွင့်ကစားပြီး မော်ရိုကိုရဲ့ လေးလံနေမှုကို အခွင့်အရေးယူဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်လည်း ကနေဒါက ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အခုနှစ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေတဲ့ ဘိုနိုကိုတော့ မကျော်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ နှစ်သင်းလုံး ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ကနေဒါရဲ့ ကစားအား ကျဆင်းလာသလို သမ္ဘာအရ အများကြီး ပိုသာတဲ့ မော်ရိုကိုက ပွဲကို ပိုပြီး ထိန်းချုပ်လာပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၅ မိနစ် အကြာမှာတော့ အက်ချ်ရက်ဖ် အာကီမီက မြေလှိမ့်ဘော ပေးပို့တဲ့ ပြစ်ဒဏ်ဘောကို ဘီးကုပ်စက်ဝိုင်း ထိပ်နားကနေ အဇာဒင်း အူဟာနီက အနိမ့်ကန်သွင်းပြီး မော်ရိုကိုတို့ ဦးဆောင်ဂိုး ရရှိသွားပါတယ်။ အဲဒီနောက် ကနေဒါက ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ဘိုနိုရဲ့ လက်စွမ်းပြနေမှုတွေကြောင့် အရာမထင်ခဲ့ပါဘူး။
၈၂ မိနစ်မှာတော့ ဘရာဟင်ဒီယက်ဇ်က ကနေဒါ ခံစစ်သမားကို လိမ်ခေါက်ပြီး အလိုက်သင့် ချပေးလိုက်တဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ လူကပ်မခံရဘဲ လွတ်လွတ်ကျွတ်ကျွတ် ရှိနေတဲ့ အူဟာနီကပဲ အပြင်းကန်ပြီး ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။ နှစ်ဂိုးပြတ် ရှုံးနေပြီဖြစ်တဲ့ ကနေဒါဟာ တိုက်စစ်ကို အလွန်အကျွံ အားသွန်ပြီး တင်ကစားလာခဲ့ပါတယ်။ ဒါပေမဲ့ ချေပဂိုး မရခဲ့တဲ့အပြင် တန်ပြန်တိုက်စစ်ကနေ တတိယဂိုးပါ ခွင့်ပြုလိုက်ရပါတယ်။ အဲဒီဂိုးကိုတော့ မိနစ် ၉၀ ပြည့်ပြီး နာကျင် အပိုဆောင်းချိန် ၈ မိနစ်မှာ ဒီယက်ဇ်ပဲ ပေးပို့တဲ့ ဘောလုံးကနေ ဆူဖီယာနီ ရာဟီမီက ပိတ်သွင်းသွားတာ ဖြစ်ပါတယ်။
ဒီပွဲ အနိုင်ရလဒ်ကြောင့် မော်ရိုကိုဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ဆီ နှစ်ကြိမ်ဆက်တိုက် တက်ရောက်လာနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားတုန်းကတော့ မော်ရိုကိုဟာ အကြိုဗိုလ်လုပွဲထိတောင် ရောက်ခဲ့ပြီးမှ ပြင်သစ်ကို အရေးနိမ့်ခဲ့ရပါတယ်။ အခုတော့ မကျေပွဲအဖြစ် ကွာတားဖိုင်နယ် အဆင့်မှာ ပြင်သစ်နဲ့ တကျော့ပြန် တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။
ကိုးကား: FIFA


















































