ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ရဲတွေက အဓိက ရှုထောင့်နှစ်ခုကို အာရုံစိုက် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။
အဲဒါတွေကတော့ မီးလောင်မှု ဖြစ်ခဲ့တဲ့ အဆောက်အအုံမှာ မီးဘေး လုံခြုံရေး ထွက်ပေါက်တွေ မှန်မှန်ကန်ကန် ထိထိရောက်ရောက် စီစဉ် ထားရှိပေးသလား ဆိုတာနဲ့ အဆောက်အအုံထဲမှာ တရားဝင် ခွင့်ပြုချက် မရှိဘဲ ပြန်လည် ပြင်ဆင် တည်ဆောက်မှုတွေ လုပ်နေခဲ့သလား ဆိုတာတွေ ဖြစ်ပါတယ်။
ပထမ ရှုထောင့်ဖြစ်တဲ့ အရေးပေါ် ထွက်ပေါက် ကိစ္စမှာတော့ ဘားအဆောက်အအုံ နောက်ဖက်က အရေးပေါ်ကို သော့ပိတ်ထားခဲ့သလား ဆိုတာကိုလည်း စစ်ဆေးနေပါတယ်။ သေဆုံးသူ အများစုရဲ့ အလောင်းတွေကို အဲဒီ ထွက်ပေါက် နေရာနားမှာ တွေ့ခဲ့ရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒုတိယ ကိစ္စဖြစ်တဲ့ အဆောက်အအုံ အတွင်းပိုင်းမှာ အာဏာပိုင်တွေ တရားဝင် ခွင့်ပြုမထားတဲ့ ပြင်ဆင်မွမ်းမံ တည်ဆောက်မှု လုပ်နေခဲ့သလား ဆိုတာကတော့ ဖျော်ဖြေရေး စင်မြင့်ကို တိုးချဲ့ဖို့ ရည်ရွယ်ထားတဲ့ ဆောက်လုပ်ရေးမျိုး လုပ်နေတယ်လို့ ယူဆရတဲ့ အထောက်အထားတွေကို ရှာတွေ့ထားလို့ ဖြစ်ပါတယ်။ မီးဘေးကြုံတဲ့အခါ အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဟာ ထွက်ပြေးသူတွေကို ပိတ်ဆို့ထားသလို ဖြစ်နိုင်ခြေ ရှိနေတာကြောင့်ပါ။

Public Service Announcement
ဘန်ကောက်ရဲ့ ချာတူချက် ခရိုင်မှာရှိတဲ့ Rong Beer Na Lat Phraoဆိုတဲ့ အရက်ဘားမှာ ဇူလိုင် ၁၂ ရက် သန်းခေါင်ကျော် အချိန်လောက်က မီးလောင်မှု ဖြစ်ခဲ့တာပါ။ သေဆုံးသူ ၂၇ ဦးထက်မနည်း ရှိခဲ့တဲ့အပြင် အနည်းဆုံး ၆၃ ဦးလောက် ဆေးရုံတက်ရောက် ကုသမှု ခံယူနေရပါတယ်။ အဲဒီထဲက ၂၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရပါတယ်။
ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူကိုယ်တိုင် အခင်းဖြစ်တဲ့ နေရာကို လာရောက်ပြီး စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ ဝန်ကြီးချုပ်က မီးကျွမ်းနေပြီး ပိတ်ထားတဲ့ တံခါးပေါက် တစ်ခုကို ညွှန်ပြရင်း ဖွင့်လို့ရသလားလို့ မေးတဲ့အခါ ဝန်ထမ်းတစ်ဦးက သော့နှစ်လုံးခတ်ပြီး ပိတ်ထားလို့ ဖွင့်မရကြောင်း ပြန်ဖြေခဲ့ပါတယ်။ အဲဒီ တံခါးဟာ အရေးပေါ် ထွက်ပေါက်အဖြစ် ထားရှိတာလို့ ယူဆရပေမယ့် ထွက်ပေါက်ဆိုတဲ့ သတိပေး စာသားကိုလည်း ထင်ထင်ရှားရှား ဖော်ပြမထားခဲ့ဘူးလို့ သိရပါတယ်။
အစောပိုင်း သတင်းတွေအရ အရေးပေါ်ထွက်ပေါက် နေရာတွေရဲ့ ရှေ့မှာ သကြားလုံးနဲ့ တခြားပစ္စည်းတွေ ရောင်းချတဲ့ စင်တွေ ထားရှိတာကြောင့်လည်း လူတွေ ပိတ်မိနေခဲ့တာလို့ သိရပါတယ်။
အဆောက်အအုံရဲ့ တည်ဆောက်ထားပုံဟာ မီးဘေး အန္တရာယ် တိမ်းရှောင်ဖို့ လမ်းကြောင်းတွေကို ရှင်းရှင်းလင်းလင်း မမြင်ရအောင် ကွယ်နေတာမျိုး အပါအဝင် လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေ ရှိနေတယ်လို့ ကနဦး တွေ့ရှိထားကြောင်း ဝန်ကြီးချုပ် အနူတင်က သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။ သူက လူထု အနေနဲ့ စုံစမ်းရေး အရာရှိတွေကို သူတို့အလုပ် သူတို့ ကောင်းကောင်း လုပ်ခွင့်ပေးပြီး စိတ်ရှည်ရှည်နဲ့ သည်းခံ စောင့်ပေးကြဖို့လည်း မေတ္တာ ရပ်ခံခဲ့ပါတယ်။
လူတွေ အများအပြား သေဆုံးခဲ့မှုရဲ့ နောက်ကွယ်မှာ ဥပဒေ ပေါ့လျော့ ချိုးဖောက်မှုတွေ ဆက်စပ် ပါဝင်နေတာကို ဖော်ထုတ် တွေ့ရှိရင် ဘယ်သူ့ကိုမှ အလွတ်ပေးမှာ မဟုတ်ဘူးလို့လည်း အနူတင်က ဆိုပါတယ်။
မီးလောင်မှု စတင်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် မျက်မြင်တွေရဲ့ အဆိုအရ ဖျော်ဖြေရေး စင်မြင့်နားမှာ အစပြုခဲ့ပြီး လျင်လျင်မြန်မြန် ပျံ့နှံ့ ကူးစက်သွားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: CNA


















































