ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။
EUရဲ့ အုပ်ချုပ်ရေး အစုအဖွဲ့ဖြစ်တဲ့ ဥရောပ ကော်မရှင် (EC) အကြီးအကဲ အာဆူလာ ဗွန်ဒါ လီယန်က EU အဖွဲ့ဝင် နိုင်ငံတွေမှာ ကလေးတွေရဲ့ လူမှုကွန်ရက် အသုံးပြုမှုကို တဖြည်းဖြည်းချင်း အဆင့်လိုက် လျှော့ချဖို့ အစီအစဉ်တွေ ရေးဆွဲနေကြောင်း ဇူလိုင် ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာတော့ ပညာရှင်တွေက အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ အွန်လိုင်း ပလက်ဖောင်းတွေနဲ့ ထိတွေ့မှုကို မိဘ အုပ်ထိန်းသူတွေရဲ့ အပြည့်အဝ ထိန်းချုပ်ခွင့်အောက်မှာ ထားရှိစေသင့်ကြောင်း အကြံပြု တိုက်တွန်းထားပါတယ်။
EU အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ ဂရိတို့မှာ လူငယ်တွေရဲ့ လူမှုကွန်ရက် သုံးစွဲခွင့်ကို စတင်ကန့်သတ်လာသလို EU အဖွဲ့ဝင် မဟုတ်တဲ့ ဩစတြေးလျလို နိုင်ငံမျိုးမှာ ကလေးတွေ လုံးဝ လူမှုကွန်ရက် မသုံးရဘူး ဆိုတာမျိုး ဥပဒေပြု ပိတ်ပင်လာတဲ့နောက် EUလည်း အခုကိစ္စအပေါ် အာရုံစိုက်ဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။

Public Service Announcement
အစောပိုင်းမှာ EUဟာ ကလေးတွေကို လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး တိကျတဲ့ သဘောထားမျိုး မပြသဘဲ ရှောင်လွှဲနေခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင် ၁၃ ရက်နေ့မှာတော့ ဗွန်ဒါ လီယန်က EU အဖွဲ့ဝင် နိုင်ငံတွေကြားမှာ ကလေးတွေ လူမှုကွန်ရက်တွေကို ချိတ်ဆက်နိုင်မယ့် အသက်အရွယ်ကို တိတိကျကျ သတ်မှတ်ဖို့ လိုတယ်ဆိုတာ ဘုံသဘောတူညီမှုတစ်ခု ရရှိထားကြောင်း ထုတ်ပြောလာပါတယ်။ သူက အဲဒီကိစ္စကို အသက်အရွယ်နဲ့ သင့်တော်တဲ့ ကန့်သတ်မှုလို့ သုံးနှုန်းခဲ့ပါတယ်။
EUအနေနဲ့ မှန်ကန် ထိရောက်တဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ဖို့အတွက် ကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေနဲ့လည်း သေချာ ဆွေးနွေး တိုင်ပင်နေတယ်လို့ သူက ဆိုပါတယ်။ ကလေးတွေက လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့် ရနိုင်မလား ဆိုတာမျိုးထက် အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကလေးတွေဆီကို လူမှုကွန်ရက်တွေက ဘယ်အချိန်ကျမှ ဘယ်လို ထိတွေ့ ချိတ်ဆက်ခွင့် ရှိလာစေမလဲ ဆိုတာကို EUဖက်က အလေးပေး စဉ်းစားနေကြောင်း ဗွန်ဒါ လီယန်က ပြောပါတယ်။
ဒီကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် အခုနှစ်ကုန်ပိုင်းလောက်မှာ တရားဝင် အဆိုပြုချက်တစ်ခု ထွက်ပေါ်လာနိုင်တယ်လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။ အသက်အရွယ် မတူညီတဲ့ ကလေးတွေကို အဆင့်လိုက် ခွဲခြားသတ်မှတ်ပြီး လူမှုကွန်ရက်နဲ့ ထိတွေ့ခွင့်တွေကို သင့်တော်သလို ပိုင်းခြားပေးသွားဖို့ ရှိနေကြောင်း သူက မှတချက်ပေးခဲ့ပါတယ်။ ဥပမာ အသက် ၁၃ နှစ်အောက် ကလေးတွေကို လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ထားပေမယ့် ၁၃ နှစ်အထက် အရွယ်တွေကိုတော့ လုံခြုံသင့်တော်တယ်လို့ ယူဆတဲ့ ပလက်ဖောင်း တချို့ဆီ အကန့်အသတ်နဲ့ ချိတ်ဆက်ခွင့် ပေးတာမျိုး ရှိနိုင်ကြောင်း ဗွန်ဒါ လီယန်က ပြောကြားသွားပါတယ်။
မနှစ်က အောက်တိုဘာလတုန်းကတော့ ဥရောပ လွှတ်တော်က EU အဖွဲ့ဝင် နိုင်ငံတွေမှာ အသက် ၁၆ နှစ်အောက် အရွယ်အားလုံးကို လူမှုကွန်ရက် သုံးစွဲမှုကနေ ပိတ်ပင်သင့်ကြောင်း ဆွေးနွေးခဲ့ပေမယ့် ဘယ်အသက်အရွယ်မှာ စတင်ကန့်သတ်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းအခုံတွေ ရှိနေခဲ့ပါတယ်။
ကိုးကား: AFP


















































