ဩစတြေးလျ နိုင်ငံမှာ ရှားပါးလှတဲ့ အခြေအနေတစ်ခုအဖြစ် ရုပ်ချင်းအရမ်းတူတဲ့ လေးမြွှာပူး သမီးလေးတွေ ဖွားမြင်ခဲ့ကြောင်း သိရပါတယ်။
ဂျော်သမ် နမ်အာမိုအာနာနဲ့ ဂျနီတာ နမ်အာမိုအာနာတို့ ဇနီးမောင်နှံဟာ မိသားစုဝင် အသစ်တွေအဖြစ် ကျန်းမာလှပတဲ့ သမီးလေး ၄ ယောက်ကို ကြိုဆိုခွင့် ရခဲ့ကြတာပါ။
ဂျနီတာရဲ့ ကိုယ်ဝန်ကို စစ်ဆေးကြည့်တဲ့ အခါမှာတင် လေးမြွှာပူး ကိုယ်ဝန်ဖြစ်တယ် ဆိုတာကို ဆရာဝန်တွေက အတည်ပြုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ရှားပါးပြီး ရုပ်ချင်း ချွတ်စွပ်နီးပါး တူညီကြတဲ့ မိန်းကလေးငယ် ၄ ယောက်ကို လူ့လောကဆီ ဆရာဝန်တွေက အောင်အောင်မြင်မြင် ဆောင်ကြဉ်းယူလာပေးခဲ့ပါတယ်။
သမီးလေးတွေကို အမ်မလီ၊ ဟာရီရတ်၊ ကက်သရင်းနဲ့ အလက်ဆာလို့ နာမည်ပေးထားပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်နဲ့ ၄ ရက်မှာ လှပတဲ့၊ ကျန်းမာတဲ့ သမီးလေး ၄ ယောက်ကို ကောင်းကောင်းမွန်မွန် ဖွားမြင်နိုင်ခဲ့တာဟာ တကယ့်ကို ထူးကဲလွန်းတဲ့ ကြည်နူးစရာ ကိစ္စတစ်ခုလို့ တော်ဝင်ဘရစ္စဘိန်း အမျိုးသမီး ဆေးရုံရဲ့ ဒေါက်တာ အလက်ဆာ ဘန်ဒေါလ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
မိန်းကလေးငယ် လေးဦးစလုံးရဲ့ DNA စစ်ချက်အရ သန္ဓေအောင် မျိုးဥတစ်ခုတည်းကနေ ကွဲထွက်လာတဲ့ သန္ဓေသားလောင်းတွေ ဖြစ်တယ်ဆိုတာကို အတည်ပြုထားပါတယ်။ ဒီလို ကိုယ်ဝန်ဆောင်မှုမျိုး ဖြစ်နိုင်ခြေဟာ အကြိမ်ပေါင်း ၁၅ သန်းမှာမှ ၁ ကြိမ်လောက်ထိ ရှားပါးပါတယ်။
ကလေးတွေရဲ့ မိခင်ဖြစ်သူ ဂျနီတာကတော့ သူ့ကိုယ်ဝန်ဟာ လေးမြွှာပူး ဖြစ်တယ်ဆိုတာ သိသိချင်း အရမ်း အံ့ဩသွားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒေါက်တာ ဘန်ဒေါလ်ကတော့ ကလေးတွေရဲ့ မိခင်ဟာ ကိုယ်ဝန်စဆောင်ချိန် ကတည်းက အထူးဂရုစိုက်ခဲ့ပြီး ကိုယ်ဝန်ကို ရှုပ်ထွေးစေမယ့် ကိစ္စမှန်သမျှကို သတိထား ရှောင်ရှားခဲ့တဲ့အပေါ် အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်ကာလကို ၂၈ ပတ်ထိ ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကလေးတွေကို ကောင်းကောင်း မွေးဖွားပေးနိုင်မယ်လို့ ဆရာဝန်တွေက ဂျနီတာကို ရှင်းပြထားခဲ့ပါတယ်။
ကလေးတွေကို နေ့စေ့လစေ့ ဖွားမြင်ခဲ့တာ မဟုတ်တာကြောင့် ကျန်းမာရေးအတွက် စိတ်ချရတဲ့ အဆင့်ထိ ကြီးထွားမလာခင် ဆေးရုံမှာပဲ ဆက်လက် စောင့်ရှောက်ထားမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ကလေးတွေရဲ့ ကျန်းမာရေး အခြေအနေက အထူးကောင်းမွန်တယ်လို့ ဘန်ဒေါလ်က ဆိုပါတယ်။
ဂျနီတာတို့ ဇနီးမောင်နှံမှာ နောက်ထပ် ကလေး ၂ ဦးလည်း ရှိသေးပြီး မိခင်ဖြစ်သူက လူ ၁၀ ဦးထိ ဆံ့နိုင်မယ့် ဗင်ကားတစ်စီး ဝယ်နိုင်ဖို့ အွန်လိုင်းကနေ ရန်ပုံငွေ လှုပ်ရှားမှု တစ်ခုကို ထူထောင်ထားပါတယ်။ အခုအခါမှာတော့ အမြွှာလေးတွေအတွက် ဝိုင်းဝန်းထည့်ဝင် လှူဒါန်းကြတဲ့ ငွေပမာဏဟာ ဩစတြေးလျဒေါ်လာ ၃၇၀၀၀ ကျော်ထိ ရှိလာပြီလို့လည်း သိရပါတယ်။
ကိုးကား: BBC


















































