ကင်ညာနိုင်ငံမှာ အမေရိကန် နိုင်ငံသားတွေအတွက် အီဘိုလာ quarantine စင်တာ ဖွင့်လှစ်မယ့် ကိစ္စကို ဒေသခံတွေက အပြင်းအထန် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဇွန်လ ၁ ရက်နေ့တုန်းက ကင်ညာအလယ်ပိုင်း၊ နန်ယူကီမြို့မှာ ဒေသခံတွေက လမ်းပေါ်ထွက်လာပြီး အီဘိုလာ ကုသရေးစင်တာ ဖွင့်လှစ်မယ့် ကိစ္စကို ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ မြို့မှာရှိတဲ့ စစ်စခန်း တစ်ခုမှာ ကုတင် ၅၀ ဆံ့ quarantine စင်တာကို စီစဉ်မှာဖြစ်ပြီး အီဘိုလာ လူနာတွေနဲ့ ထိတွေ့ဖူးတဲ့ ရာဇဝင်ရှိပြီး ရောဂါလက္ခဏာ မပြသေးသူတွေကို သီးသန့်ခွဲခြားထားရာ နေရာအနေနဲ့ အသုံးပြုမှာပါ။
အပြန်အလှန် အနေနဲ့ အမေရိကန်ဟာ ကင်ညာအစိုးရရဲ့ အီဘိုလာ တားဆီးကာကွယ်ရေး အစီအမံတွေအတွက် ဒေါ်လာ ၁၃.၅ သန်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ အာဖရိက နိုင်ငံတွေဖြစ်တဲ့ ကွန်ဂိုနဲ့ ယူဂန္ဓာတို့မှာတော့ အဲဒီ ရောဂါဆိုးကြောင့် သေဆုံးသူ ၂၀၀ ကျော်ထိ များပြားနေပါတယ်။
အီဘိုလာ ရောဂါသည်တွေနဲ့ ထိတွေ့ထားဖူးတဲ့ သူတွေကို ကင်ညာမှာ လက်ခံပေးထားမယ်ဆိုတဲ့ ကိစ္စဟာ ပြည်တွင်းမှာတော့ လူကြိုက်မများခဲ့ပါဘူး။ ကင်ညာ တရားရုံးချုပ်ကလည်း အစီအစဉ်ကို ယာယီ ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ထားပါတယ်။

Public Service Announcement
ဇွန်လ ၁ ရက်နေ့မှာတော့ နန်ယူကီမှာ ခြေလျင် လမ်းလျှောက်ပြီးရော၊ ပစ်ကပ်ကားတွေနဲ့ပါ ရာနဲ့ချီတဲ့ မြို့ခံတွေက လှည့်လည်ခဲ့ပြီး အီဘိုလာ quarantine စင်တာကိစ္စကို ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ စင်တာတည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ လိုင်ကီပီရာ စစ်စခန်းဆီကို လူ ၁၀၀ လောက် စုဝေးသွားရောက်ခဲ့ကြတာကို တွေ့ရပါတယ်။ လမ်းတွေပေါ်မှာလည်း အလံတွေကိုင်၊ ဆိုင်ကယ်တွေ စီးလာသူတွေက ဒီကိစ္စကို ဆန္ဒပြကြပြန်ပါတယ်။
ကားတာယာတွေနဲ့ တခြားပစ္စည်းတွေကို မီးတင်ရှို့ကြလို့ မီးခိုးလုံးတွေ အူထွက်နေတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်တွေနောက်ပိုင်း စစ်စခန်းဆီ သွားရာလမ်းမှာ ရဲနဲ့ စစ်တပ် လုံခြုံရေး အင်အားကို တိုးမြှင့်ထားလိုက်ရကြောင်းလည်း သိရပါတယ်။
အီဘိုလာ quarantine စင်တာ တည်ဆောက်မယ့် ကိစ္စကို ဆန့်ကျင်တဲ့ တရားရေး တုံ့ပြန်မှု တစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ တရားရုံးချုပ်က ကြားနာခဲ့ပါတယ်။ အဲဒီစင်တာ ထားရှိတဲ့အခါ ရှိရင်းစွဲ အခြေခံ မခိုင်မာတဲ့ နိုင်ငံရဲ့ ကျန်းမာရေး စနစ်ကို ခြိမ်းခြောက်လာနိုင်တဲ့အပြင် သဘောတူညီမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေကလည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း အတိုက်အခံ ရှေ့နေတွေက ထောက်ပြခဲ့ပါတယ်။ အဲဒီအချက်တွေကို တရားရုံးချုပ်က လက်ခံပြီး စင်တာဆောက်မယ့် ကိစ္စကို ဆိုင်းငံ့ထားဖို့ အမိန့်ချခဲ့ပါတယ်။
အတိုက်အခံ ပြုသူတွေကတော့ အမေရိကန်ဟာ ဒေါ်လာ ၁၃.၅ သန်း ထောက်ပံ့မယ် ဆိုတာကလွဲရင် စင်တာရဲ့ လုပ်ငန်းလည်ပတ်မယ့် အစီအစဉ်တွေကို တိတိကျကျ ဘာမှ ရှင်းပြမထားကြောင်း စွပ်စွဲပါတယ်။
ကျန်းမာရေးဝန်ကြီး အဒန် ဒူအာလီကတော့ အခုစင်တာ တည်ဆောက်မယ့် ကိစ္စဟာ ပိုမို ကျယ်ပြန့်လာမယ့် အရေးပေါ် ကူးစက်ရောဂါ တုံ့ပြန်ရေး စနစ်သစ်တစ်ခု တည်ဆောက်မှုရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး သီးသန့်ခွဲခြား စောင့်ကြည့်မယ့် သူတွေဟာ အမေရိကန် နိုင်ငံသားတွေချည်းပဲ သီးသန့်မဟုတ်ဘဲ လူတိုင်းအတွက် ဖြစ်စေမယ်လို့လည်း ဝန်ကြီးက ကတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ စင်တာအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို သယ်ဆောင်လာတဲ့ အမေရိကန် စစ်လေယာဉ် တချို့လည်း နန်ယူကီမြို့မှာ ဆင်းသက်ခဲ့ပါတယ်။
ဆန္ဒပြသူတွေကတော့ အဲဒီစင်တာကို ဇွန်လ ၉ ရက်နေ့မှာ နောက်ဆုံးထားပြီး လုံးဝ ပိတ်သိမ်းဖို့ တောင်းဆိုနေပါတယ်။ ဆန္ဒပြသူ တစ်ဦးက နန်ယူကီဆိုတာ မြို့ငယ်လေး တစ်ခုဖြစ်ကြောင်း၊ စစ်သားတွေနဲ့ အရပ်သားတွေရဲ့ ကလေးတွေ အားလုံး ကျောင်းတစ်ခုတည်းကို တူတူ တက်နေကြကြောင်း၊ စစ်စခန်းမှာ ကူးစက်မှု စလာတာနဲ့ တစ်မြို့လုံးကို ချက်ချင်း ရောဂါပျံ့နှံ့သွားနိုင်ကြောင်း၊ အသက်အန္တရာယ် များတဲ့ကိစ္စမို့ အားလုံး စိုးရိမ်နေကြောင်း ပြောပြပါတယ်။
တခြားတစ်ဦးကလည်း လက်ရှိ ကူးစက်မှုတွေ ဖြစ်နှင့်နေတဲ့ ကွန်ဂိုနဲ့ ယူဂန္ဓာတို့မှာ အဲဒီလို စင်တာမျိုး မဆောက်ဘဲ လူနာတွေနဲ့ ထိတွေ့ထားသူတွေကို ဘာကြောင့် ကင်ညာထိ တကူးတက ခေါ်လာချင်သလဲလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။
ကင်ညာမှာ ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံကောင်းကောင်း ဘာမှ မရှိဘဲ ရောဂါကူးစက်မှုတွေ စလာရင် အကုန် သေကုန်မှာဖြစ်ကြောင်း၊ ဒါကြောင့် quarantine စင်တာ ကိစ္စကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း နန်ယူကီ မြို့ခံတစ်ဦးက ဆိုပါတယ်။
အီဘိုလာဟာ သွေးအပါအဝင် လူ့ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်လေ့ရှိတဲ့ ရောဂါ ဖြစ်ပါတယ်။ ရောဂါရှိသူနဲ့ ထိတွေ့မိခဲ့သူတွေမှာ လက္ခဏာတွေ ပြမလာခင်ထိ သီးသန့်ခွဲခြား စောင့်ကြည့်တာမျိုး လိုအပ်ပါတယ်။
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ လက်ရှိ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ဘွန်ဒီဘူဂျိုဆိုတဲ့ ဗိုင်းရပ်စ်မျိုးကွဲကြောင့်ဖြစ်ပြီး ကာကွယ်ဆေးရော၊ တိကျတဲ့ ကုထုံးပါ မရှိသေးပါဘူး။ ရောဂါ လက္ခဏာတွေကတော့ ဖျားနာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အားအင်ကုန်ခန်းတာ၊ သွေးဝမ်းသွားတာ၊ ကိုယ်တွင်းသွေးယိုစီးမှုတွေ ဖြစ်ပြီး ပြင်းထန်တဲ့ အဆင့်မှာ အသက်ပါ ဆုံးရှုံးစေနိုင်ပါတယ်။
အီဘိုလာဟာ နှစ်အပိုင်းအခြားအလိုက် အာဖရိက နိုင်ငံတွေမှာ ခေါင်းထောင်လာလေ့ရှိတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း အီဘိုလာကြောင့် အာဖရိကမှာ လူပေါင်း ၁၅၀၀၀ လောက် သေကြေပျက်စီးခဲ့ရပါတယ်။
ကိုးကား: Reuters, AP


















































