Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြို့တော်အစား လက်နက်ကိုင်ဂိုဏ်းတွေ လှုပ်ရှားရာ မြို့မှာ ကိုလံဘီယာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

ကိုလံဘီယာ သမ္မတသစ်ဟာ ရာထူးလက်ခံတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မြို့တော် ဘိုဂိုတာအစား တရားမဝင် လက်နက်ကိုင် အင်အားစုတွေ လှုပ်ရှားနေရာ နိုင်ငံအနောက်တောင်ပိုင်းက ကာလီမြို့မှာ ကျင်းပစေခဲ့ပါတယ်။

ဓာတ်ပုံ - AP

ကိုလံဘီယာ သမ္မတသစ်ဟာ ရာထူးလက်ခံတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မြို့တော် ဘိုဂိုတာအစား တရားမဝင် လက်နက်ကိုင် အင်အားစုတွေ လှုပ်ရှားနေရာ နိုင်ငံအနောက်တောင်ပိုင်းက ကာလီမြို့မှာ ကျင်းပစေခဲ့ပါတယ်။

အသက် ၄၈ နှစ်အရွယ် အဘယ်လာဒို ဒီလာ အက်စ်ပရဲလားရဲ့ ဩဂုတ် ၈ ရက် ကျမ်းသစ္စာ ကျိန်ဆိုပွဲနေရာ ရွေးချယ်မှုဟာ သူ့အနေနဲ့ အဲဒီ လက်နက်ကိုင် ဂိုဏ်းတွေအပေါ် တင်းမာတဲ့ သဘောထားကို အတိအလင်း ပြသလိုက်ခြင်းလည်း ဖြစ်ပါတယ်။

သူဟာ ဇွန်လ ၂၁ ရက်နေ့က ရွေးကောက်ပွဲမှာ အနိုင်ရပြီး ရာထူးသက်တမ်း စေ့သွားသူ သမ္မတဟောင်း ဂူစတာဗို ပက်ထရိုရဲ့ ရာထူးကို ဆက်ခံခဲ့တာပါ။ ပက်ထရိုရဲ့ နိုင်ငံရေး မဟာမိတ်ဖြစ်သူ အထက်လွှတ်တော်အမတ် အိုင်ဗန် ဆီပီဒါဟာ ဒီလာ အက်စ်ပရဲလားကို ကပ်ပြီး အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ် အမြင်မျိုးရှိတဲ့ ဒီလာ အက်စ်ပရဲလားဟာ ကိုလံဘီယာမှာ အစိုးရရာထူး ကြီးကြီးမားမား တာဝန်မယူဖူးသလို နိုင်ငံရေး လောကမှာ အပြင်လူ တစ်ဦးလို့ ဆိုနိုင်ပါတယ်။ သူဟာ ရှေ့နေတစ်ဦး၊ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအနေနဲ့ စုဆောင်းရရှိထားတဲ့ ငွေကြေးတွေကို သုံးစွဲပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်ခဲ့ပါတယ်။ သူ့ရဲ့ မဲဆွယ်မှုတွေမှာ အဓိက အာရုံစိုက်တဲ့ အကြောင်းအရာကတော့ ပြည်တွင်း လုံခြုံရေးကို မြှင့်တင်ပေးဖို့ ဆိုတာပဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ကာလီမြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုရဲ့ ဝင်းထဲမှာ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ကာလီက လက်နက်ကိုင် ဂိုဏ်းတွေကို သူရဲ့ အစိုးရက အထူးအာရုံစိုက်မယ်လို့ သတင်းစကား ပေးပို့မှုလည်း ဖြစ်ပါတယ်။

ကျမ်းကျိန်ပွဲ အခမ်းအနားကို စပိန်ဘုရင် ဆဋ္ဌမ ဖိလစ်၊ အမေရိကန် ယာယီ ရှေ့နေချုပ် တော့ဒ်ဘလန်ချေ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို၊ လက်တင်အမေရိက ဒေသတွင်း နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

သူဟာ ကျမ်းကျိန်ပွဲ အပြီးမှာတော့ ကာလီက စစ်စခန်းတစ်ခုကို သွားရောက်ပြီး စစ်သားတွေကို မိန့်ခွန်းပြောခဲ့ပါတယ်။ ဒါ့အပြင် ကာလီတဝိုက်မှာ လှုပ်ရှားနေတဲ့ တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်နက်ချဖို့ သမ္မတက သတိပေးခဲ့ပြီး ပျက်ကွက်ရင်တော့ စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ် ချေမှုန်းခံရမယ်လို့ပါ ရာဇသံ ပေးသွားခဲ့ပါတယ်။

သူ့ကိုယ်သူ ‘ကျားကြီး’လို့ ရည်ညွှန်းလေ့ရှိတဲ့ ဒီလာ အက်စ်ပရဲလားဟာ တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကြိုးစားခဲ့တဲ့ သမ္မတဟောင်း ပက်ထရိုရဲ့ မူဝါဒတွေကို လုံးဝ ပယ်ဖျက်ပစ်လိုက်ပြီး သဘောထား တင်းမာတဲ့ ချဉ်းကပ်မှုကို ရွေးချယ်ထားပါတယ်။

ကျမ်းကျိန်ပွဲ ကျင်းပနေချိန်မှာတော့ ကာလီမြို့မှာ လုံခြုံရေး အစီအမံတွေကို အမြင့်ဆုံးအဆင့် တင်းကျပ်ထားခဲ့ရပါတယ်။ မြို့အဝင်အထွက်နဲ့ လမ်းဆုံလမ်းခွ နေရာတွေမှာ စစ်တပ်နဲ့ ရဲအင်အား အလုံးအရင်း ဖြန့်ကျက်ထားခဲ့ပြီး ယာဉ်တွေကိုလည်း စစ်ဆေးနေတာကို တွေ့ခဲ့ရပါတယ်။

ဒီလာ အက်စ်ပရဲလားဟာ ကိုလံဘီယာ-အမေရိကန် အနွယ်တစ်ဦးဖြစ်ပြီး သူ့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း အားပေး ထောက်ခံခဲ့ပါတယ်။ ပြည်တွင်းမှာ ဒုစရိုက်ဂိုဏ်းတွေ၊ ရွှေ့ပြောင်းအခြေချမှု ပြဿနာတွေနဲ့ စီးပွားရေး အကျပ်အတည်းတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခြင်းကလည်း လူထု အနေနဲ့ သမားရိုးကျ နိုင်ငံရေးသမားတွေအပေါ် ယုံကြည်မှု လျော့လာပြီး ရွေးကောက်ပွဲမှာ ဒီလာ အက်စ်ပရဲလားအပေါ် ပိုမို အာရုံစိုက်မိခဲ့ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လူဒါဇင်နဲ့ချီ သေဆုံးကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ လေယာဉ်ပျက်ကျမှုကြောင့် လွှတ်တော်အမတ်တစ်ဦး အပါအဝင် လိုက်ပါသွားသူ ၁၅ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာနိုင်ငံမှာ လူစည်ကားတဲ့လမ်းပေါ် ကားဗုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ မဂ္ဂနီကျု ၆.၃ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။