Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဘေးဖြစ်သူကဂျပန်အလိုတော်ရိမှန်းပေါ်ပေါက်လာလို့တောင်းပန်ခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။

ဓာတ်ပုံ - Yonhap

သြဂုတ် – ၁၃ ၊၂၀၂၆

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့တုန်းက အသက် ၃၃ နှစ်အရွယ် မင်းသမီးဟာ သူ့လက်ရေးနဲ့ စာတစ်စောင်ကို လူမှုကွန်ရက် Instagramပေါ်မှာ တင်ပြီး ဖြစ်ခဲ့သမျှ အငြင်းပွားစရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းပြထားခဲ့ပါတယ်။

ပြဿနာရဲ့ အစကတော့ KBSက ထုတ်လွှင့်တဲ့ Problem Child in House အစီအစဉ်မှာ ဟာယောင်းက သူ့မိသားစုရဲ့ နောက်ဆုံးမျိုးဆက် ၄ ခုထဲမှာ ဆရာဝန်တွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့အဘေး (အဘိုးရဲ့ဖခင်)ဟာလည်း ဆရာဝန် တစ်ဦးလို့ ဟာယောင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ မိသားစု မျိုးရိုးနောက်ခံကို လေ့လာ ဆန်းစစ်သူတွေက ဟာယောင်းရည်ညွှန်းတဲ့ အဘေးဖြစ်သူဟာ ဂျပန်ကိုလိုနီ ခေတ်တုန်းက ဂျပန်အလိုတော်ရိ အဖွဲ့အစည်း တစ်ခုရဲ့ အသင်းဝင်ဆိုတာ ဖော်ထုတ် တွေ့ရှိလာခဲ့ပါတယ်။

ဂျပန်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်စိုးမှုကို ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားမှာတော့ ဒီကိစ္စဟာ သက်ရောက်မှု အရမ်းကြီးမားတဲ့ ပြဿနာ တစ်ခုပါ။ သတင်းတွေ ထွက်ထွက်ချင်းမှာ ဟာယောင်းရဲ့ အေဂျင်စီက အဲဒီ ဖော်ပြချက်တွေဟာ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

နောက်တော့မှ ဟာယောင်းကိုယ်တိုင်က သူ့အဘေးဟာ ဂျပန် အလိုတော်ရိ တစ်ဦးဆိုတာ သူလုံးဝ မသိခဲ့တာသာ ဖြစ်တယ်လို့ ပြန်လည် ရှင်းပြခဲ့ပါတယ်။

သူ့ရဲ့ တောင်းပန်စာထဲမှာတော့ အဘေးဖြစ်သူရဲ့ ဂျပန်အုပ်စိုးသူတွေနဲ့ ဆက်နွှယ်ပတ်သက်ခဲ့တဲ့ ကိစ္စအတွက် လှိုက်လှိုက်လှဲလှဲ စိတ်မကောင်း ဖြစ်ရကြောင်း ရေးသားထားပါတယ်။ သူကိုယ်တိုင်က အဘေးနဲ့ ပတ်သက်လို့ မိသားစုထဲမှာ စကားဆက်စပ် ပြောဆိုရင်း အပေါ်ယံလောက်ပဲ သိခဲ့ကြောင်း၊ တကယ့် ဇစ်မြစ်ကို သေချာ မဆန်းစစ်ဘဲ အဘေးနဲ့ ပတ်သက်လို့ ဂုဏ်ယူသလို ပြောမိဆိုမိတာကို အရမ်းရှက်မိကြောင်း ဟာယောင်းက ဆိုပါတယ်။

သူ့အနေနဲ့ မိသားစု သမိုင်းကြောင်းကို အလေးအနက် ပြန်လည် ဆန်းစစ် လေ့လာသွားပါ့မယ်လို့ ဟာယောင်းက ကတိပြုခဲ့သလို ဂျပန်ဆီကနေ လွတ်လပ်ရေးရအောင် ကြိုးစား တိုက်ပွဲဝင်ခဲ့သူတွေကိုလည်း အထူးလေးစားပါတယ်လို့ ပြောပါတယ်။

အငြင်းပွားစရာတွေ ဖြစ်လာတဲ့နောက် Samsung အပါအဝင် သူနဲ့ ကြော်ငြာစာချုပ် ချုပ်ဆိုထားတဲ့ ကုမ္ပဏီတချို့ဟာ ဟာယောင်းရဲ့ ကြော်ငြာတွေကို အများပြည်သူ ကြည့်ရှုလို့ မရအောင် ပိတ်သိမ်းထားလိုက်ပါတယ်။ ဒီကိစ္စဟာ ဟာယောင်းရဲ့ အနုပညာ ဘဝကိုပါ ထိခိုက်လာနိုင်တဲ့ အလားအလာတွေ ရှိနေကြောင်း လေ့လာသူတွေက သတိပေးပါတယ်။

ဟာယောင်းဟာ The Trauma Code: Heroes on Call၊ Boyfriend on Demand၊ Teach You a Lessonတို့လို အောင်မြင်တဲ့ ကိုရီးယား စီးရီးတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး လတ်တလော လူကြည့်များနေတဲ့ အချစ်ဟာသ စီးရီးသစ် Our Sticky Loveမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။

ကိုးကား – Korea Times

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

နိုင်ငံတကာ

အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးအရ စွက်ဖက် ပါဝင်ရမလား ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

သတင်း

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ထိပ်သီး အစည်းအဝေးဟာ အချိန်မရွေး အကောင်အထည် ပေါ်လာနိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ယူဆထားပါတယ်။