Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်သမီး ဦးဆောင်ပြီး ဒေါ်လာ ၄၈ သန်းကျော်တန် ရွှေခဝါချမှုအကြောင်း JFM ဖော်ထုတ်

နိုင်ငံတကာအစိုးရတွေ အနေနဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့တောင်းဆို

ဇူလိုင်-၁၇၊၂၀၂၆။တေဇ/People’s Spring

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန် ဦးဆောင်တဲ့ စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ ကွန်ရက်တစ်ခုက အမေရိကန်ဒေါ်လာ ၄၈ သန်းကျော် တန်ကြေးရှိတဲ့ ရွှေခဝါချမှုအစီအစဉ်အကြောင်းကို Justice For Myanmar (JFM) ကဖော်ထုတ်လိုက်ပြီး နိုင်ငံတကာအစိုးရ‌တွေအနေနဲ့ အရေးယူ​ပေးဖို့ တောင်း‌ဆိုလိုက်ပါတယ်။

“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုစတင်ပြီးနောက်ပိုင်း လအနည်းငယ်အကြာတွင် စစ်အုပ်စုနှင့် ဆက်နွှယ်နေသည့် ကွန်ရက်တစ်ခုသည် ထိုင်း၊ လာအိုနှင့် ဟောင်ကောင်တို့မှတဆင့်ရွှေ၈၀၀ကီလိုဂရမ်( ပိသာ၅၀၀ခန့်)ရောင်းချရန် ကြိုးပမ်းခဲ့ကြောင်း Justice For Myanmar က ရရှိထားသည့် စာချုပ်မူကြမ်းများ၊ ရည်ရွယ်ချက်ပါ သဘောတူညီမှုစာလွှာများနှင့် ပုဂ္ဂိုလ်ရေးဆက်သွယ်ပြောဆိုထားသည့် စာတိုများအရ သိရသည်။” လို့ JFM က ​ဖော်ပြထားပါတယ်။

အဆိုပါအစီအစဉ်ကို ခင်သီရိသက်မွန် ဦးဆောင်တဲ့အဖွဲ့က လာအိုစီးပွားရေးလုပ်ငန်းစုကြီး AIF Groupရဲ့ လက်အောက်ခံ ကုန်စည်ရောင်းဝယ်ရေးကုမ္ပဏီဆီကို ရောင်းချဖို့စီစဉ်ခဲ့တာလို့ JFM ကစုံစမ်း​ဖော်ထုတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီအရောင်းအဝယ်ကို ခင်သီရိသက်မွန်နဲ့ ရင်းနှီးတဲ့ စစ်တပ်ရဲ့ လက်နက်ပွဲစား ထွန်းမင်းလတ်နဲ့ သူ့ရဲ့စီးပွားဖက်ဖြစ်တဲ့ အဲဒီ့ကာလက ထိုင်းလွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်းတို့က ပွဲစားအဖြစ်ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ထွန်းမင်းလတ်ဟာ လက်နက်ပွဲစားဖြစ်ပြီး မူးယစ်​ဆေးဝါး​ ​ရောင်းဝယ်မှု၊​ငွေ​ကြေးခဝါချမှု ​စွပ်စွဲချက်​တွေနဲ့ ၂၀၂၂ ခုနှစ်မှာထိုင်းအာဏာပိုင်​တွေက ဖမ်းဆီးခဲ့စဥ် သူဆီက မင်း​အောင်လှိုင် သား ​အောင်ပြည့်စုံ နဲ့သမီး ခင်သီရိသက်မွန်တို့ ထိုင်းမှာဝယ်ထားတဲ့ အိမ်နဲ့ ဘဏ်စာအုပ်​တွေကိုပါ ထိုင်းအာဏာပိုင်​တွေကသိမ်းဆည်းရရှိခဲ့ဖူးပါတယ် ။ထိုင်းအမတ်နဲ့ စီးပွားဖက်ဖြစ်တဲ့ ထွန်းမင်းလတ်ဟာ​နောက်ပိုင်းမှာ မူးယစ်​ဆေးဝါး ၊​ငွေ​​ကြေးခဝါချမှု စွဲချက်​တွေက လွတ်​မြောက်ခဲ့ပါတယ် ။

ဒါ့အပြင် ထိုင်းနိုင်ငံက ကိုယ်စားလှယ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ BFA (Thailand) က အပြီးသတ်ရောင်းချသူအဖြစ် ဆောင်ရွက်ဖို့ကြိုးပမ်းခဲ့ပြီး ငွေပေးချေမှုတွေကို အစိုးရတစ်စိတ်တစ်ပိုင်းပိုင် လာအိုဘဏ် BIC မှတဆင့် ဆောင်ရွက်ရန် စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးညှိနှိုင်းမှု စာရွက်စာတမ်းတွေအရဒီအရောင်းအဝယ်အတွက် BFA (Thailand) က ကော်မရှင် ၆ ရာခိုင်နှုန်း တောင်းခံခဲ့ပြီး၊ ထွန်းမင်းလတ်နဲ့ ဥပကစ်တို့နှစ်ဦးအတွက် ၃ မှ ၄ ရာခိုင်နှုန်းခန့် ကော်မရှင်ခ ကျန်ရှိမယ်လို့ သိရပါတယ်။

“Justice For Myanmar ရရှိထားသည့် ရည်ရွယ်ချက်ပါ ကနဦး ဝယ်ယူရေးစာလွှာတစ်စောင်တွင် ရွှေရောင်းချရေးအတွက် မတူညီသည့်ဖွဲ့စည်းပုံတစ်ခုကို အဆိုပြုထားပြီး၊ ရောင်းချသူဘက်က ကနဦးအခြေခံအဖြစ် ရွှေကို Bank of China (Hong Kong) သို့မဟုတ် HSBC ၏ လုံခြုံသောသိုလှောင်ခန်းများသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ ထို့အပြင် ဧပြီလဟု ဖိုင်အမည်ပေးထားသည့် အင်္ဂလိပ်-တရုတ် နှစ်ဘာသာပါ သီးခြားအရောင်းစာချုပ် တစ်စောင်တွင် အပြီးသတ်ရောင်းချသူBFA (Thailand)အား “သက်တမ်းကုန်ဆုံးပြီး၊ ပြန်လည်အသုံးပြုနိုင်သော၊ အသုံးပြုပြီးသားအဖိုးတန်သတ္တုများ” ရောင်းဝယ်ရေးလိုင်စင် ကိုင်ဆောင်ထားကြောင်း ဖော်ပြထားသည်” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရောင်းချဖို့စီစဉ်ထားတဲ့ ရွှေ ၈၀၀ ကီလိုဂရမ်က အမေရိကန်ဒေါ်လာ ၄၈ သန်း ကျော်တန်ကြေးရှိပြီး နောက်ပိုင်းမှာ‌တော့ တစ်နှစ်ကို ရွှေကီလိုဂရမ် ၄၀၀ ကနေ ၂၀၀ အထိ ရောင်းချဖို့ သဘောတူညီခဲ့ တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အရောင်းအဝယ်ပြီးမြောက်ဖို့အတွက် နှစ်ဖက်စလုံးက လိုအပ်တဲ့ ငွေကြေးအာမခံချက်တွေကို ပေးအပ်နိုင်ခြင်း မရှိတဲ့အတွက် ၂၀၂၁ နှစ်လယ်ပိုင်းမှာ အရောင်းအဝယ် ပျက်ပြယ်သွားခဲ့တယ်လို့ ဆိုပါတယ်။

စာရွက်စာတမ်းတွေအရ ရွှေ ၂၀၀ ကီလိုဂရမ် ကို ရောင်းချပြီးပြီလို့သိရပေမယ့် အမှန်တကယ် ရွှေလွှဲပြောင်းရောင်းချခဲ့ခြင်း ရှိ၊မရှိကို‌ တော့ JFM အနေနဲ့ သီးခြားအတည်ပြုနိုင်ခဲ့ခြင်းမရှိ​သေးဘူးလို့ ​ဖော်ပြထားပါတယ်။

အရောင်းအဝယ် မအောင်မြင်ခဲ့ပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေရဲ့ နိုင်ငံဖြတ်ကျော် ရွှေမှောင်ခိုရောင်းချမှုနဲ့ ခဝါချမှု အန္တရာယ် ကြီးမားတာကြောင့် ထိုင်း၊ လာအို နဲ့ ဟောင်ကောင်အာဏာပိုင် တွေအနေနဲ့ စစ်အုပ်စု၏ တရားမဝင် ရွှေရောင်းဝယ်မှုကို စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ JFM ကတိုက်တွန်းထားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါ နဲ့ ဩစတြေးလျနိုင်ငံ တွေ အနေနဲ့ လည်း စစ်အုပ်စုရဲ့ ဘဏ္ဍာငွေရလမ်း တွေကို ပိတ်ဆို့ဖို့ ၊ စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်သူတွေက ကျူးလွန်နေတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို အရေးယူတုန့်ပြန်ဖို့အတွက် စစ်အုပ်စုနဲ့ ခရိုနီတွေ အပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကို အရေးတကြီးလုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

“စစ်အုပ်စုက ရာဇဝတ်စီးပွားဂိုဏ်းတစ်ခုဖြစ်ပါတယ်။ JFM က ဖော်ထုတ်မှတ်တမ်းတင်ထားတဲ့ ရွှေခဝါချဖို့ ကြိုးပမ်းမှုအကြံအစည်အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ အဆမတန် မြင့်တက်လာမှု အတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။စစ်အုပ်စု ဆက်လက်ကျူးလွန်နေတဲ့ ရာဇဝတ်လုပ်ငန်းတွေက သူတို့ဟာ အစိုးရတစ်ရပ် မဟုတ်ကြောင်း နဲ့ သူတို့ကို မှားယွင်းတဲ့ တရားဝင်မှုကို ပေးအပ်လို့ မရကြောင်းကို ပြသနေပါတယ်။ယင်းအစား ထိုင်းနိုင်ငံအပါအဝင် အခြားသောဒေသတွင်းအစိုးရတွေအနေနဲ့ စစ်အုပ်စုက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး သေချာစွာလုပ်ဆောင်ပေးဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်။” လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံမှာငြိမ်းချမ်းရေး၊ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပီပီပြင်ပြင်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲ ထိုင်းနဲ့ မြန်မာကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဆွေးနွေးနေရင် ရည်မှန်းချက် ပြည့်အောင် အကောင်အထည် ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် အနူဆွမ် သွမ်ချိုင်က သတိပေးခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။