မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေ အခြေစိုက်ရာ KK Park အထူးစီးပွားရေး ဇုန်ကနေ ထွက်ပြေးလာသူတွေကြောင့် နယ်စပ်ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ကရင်ပြည်နယ်ရဲ့ မြဝတီ မြို့နယ်ထဲမှာရှိတဲ့ KK Parkထဲကို အောက်တိုဘာ ၁၉ ရက်နေ့မှာ ဝင်ရောက် စီးနင်းခဲ့တဲ့နောက်ပိုင်း ကျားဖြန့်ဝန်ထမ်း နိုင်ငံခြားသား ၁၅၀၀ ကျော်လောက်ဟာ ထိုင်းနိုင်ငံဖက်ခြမ်းကို ထွက်ပြေးလာခဲ့ကြောင်း ထိုင်းစစ်တပ် အရာရှိ တစ်ဦးက နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ စီးနင်းမှုကြောင့် ကျားဖြန့် ဝန်ထမ်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ အဲဒီနေရာတဝိုက်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေ အထိတ်တလန့် တိမ်းရှောင်လာတာလို့ ဆိုပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ကစလို့ အများအပြားဟာ ထိုင်းနိုင်ငံဖက်ခြမ်း နယ်စပ်ဆီ တဖွဲဖွဲ ရောက်လာကြတာပါ။
ဒါကြောင့်လည်း နယ်စပ်ဒေသ လုံခြုံရေးအတွက် ထိုင်းစစ်တပ်ရဲ့ နာရူဆူရန် တပ်ဖွဲ့လက်အောက်ခံ ရတ်ချာမာနူ ယူနစ်ဟာ မဲဆောက်ဖက်ခြမ်း နယ်စပ်ကို အလေးထား စောင့်ကြည့်နေပြီး ကင်းလှည့်မှုတွေလည်း တိုးမြှင့်ထားခဲ့ကြောင်း သိရပါတယ်။

Public Service Announcement
မြန်မာစစ်တပ်ဟာ KK Parkထဲက အဆောက်အအုံ တချို့ကိုလည်း ဖောက်ခွဲ ဖျက်ဆီးနေခဲ့ပြီး အစအနတချို့ ထိုင်းဖက်ခြမ်းကို လွင့်စဉ် ကျရောက်လာတဲ့အတွက် ထိုင်းအာဏာပိုင်တွေက ကန့်ကွက်ပြီး နှစ်ဖက် အရပ်သားတွေ ထိခိုက်မှု မရှိအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။
တက်ခ်ပြည်နယ်မှာရှိတဲ့ ထိုင်း-မြန်မာ နယ်စပ် ဦးစီးဌာနရဲ့ အဆိုအရ KK Parkကနေ ထိုင်းနယ်စပ်ကို ထွက်ပြေးလာသူ ၁၅၉၅ ဦးထိ ရှိခဲ့ပြီး အမျိုးသား ၁၃၃၀ နဲ့ အမျိုးသမီး ၂၆၅ ဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အစုလိုက် ရောက်ရှိလာကြတဲ့ထဲမှာ အိန္ဒိယ နိုင်ငံသားတွေက ၄၆၅ ဦးနဲ့ အရေအတွက် အများဆုံးဖြစ်ပြီး ဖိလစ်ပိုင် ၂၂၀၊ တရုတ် ၁၈၅ ယောက်၊ ဗီယက်နမ် ၁၅၁ ယောက်နဲ့ အီသီယိုးပီးယား ၁၃၀ တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကင်ညာ၊ ပါကစ္စတန်၊ နီပေါ၊ ယူကရိန်း၊ အင်ဒိုနီးရှား၊ လာအို၊ တောင်အာဖရိက၊ ဂါနာ၊ နိုက်ဂျီးရီးယား၊ သီရိလင်္ကာ၊ ရဝမ်ဒါနဲ့ မြန်မာ နိုင်ငံသားတွေအပြင် ထိုင်းနိုင်ငံသား တချို့လည်း KK Parkကနေ ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေက နယ်စပ်ဆီ ရောက်လာတဲ့ နိုင်ငံခြားသားတွေထဲက ၆၈၀ လောက်ကို ဖမ်းဆီး အရေးယူထားပြီး ၄၃၉ ယောက်ကိုတော့ ဒဏ်ကြေးရိုက်ပြီး နယ်နှင်ခဲ့ကြောင်း၊ ၂၄၁ ဦးကို ဒဏ်ကြေးမတပ်ဘဲ ထောင်ချခဲ့ကြောင်းနဲ့ ထိုင်းနိုင်ငံသား ၃၂ ဦးကိုလည်း သက်ဆိုင်ရာ စွဲချက်အလိုက် ဒဏ်ငွေတပ်ရိုက်ခဲ့ကြောင်း ပြောပါတယ်။
ထိုင်းနယ်စပ် ဦးစီးဌာနကတော့ ပြည်သူတွေရဲ့ လုံခြုံရေးကို အလေးပေးတဲ့အတွက် နယ်စပ်ကို ရောက်လာသူ မှန်သမျှကို အမျိုးသား လုံခြုံရေး၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ် စံနှုန်းတွေနဲ့အညီ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ နယ်စပ်ကိုလည်း အထူးအာရုံစိုက် စောင့်ကြည့်နေပြီး တက်ခ်ခရိုင်ထဲက နယ်စပ်တွေမှာ လုံခြုံရေး ပိုမို တင်းကျပ်ထားကြောင်းလည်း ထိုင်းစစ်တပ်က ကြေညာထားပါတယ်။
ကိုးကား: Bangkok Post


















































