ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်း အခြေအနေတွေအသွင် ကူးပြောင်းသွားပြီးတဲ့နောက် အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာမှာ ပို့ဆောင်ဆက်သွယ်ရေး ပြဿနာတွေ ကြုံတွေ့နေရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဩဂုတ် ၂၇ ရက်နေ့တုန်းက ဂျကာတာမှာ အစိုးရ မူဝါဒ တချို့ကို ဝေဖန်ပြီး အဂတိ တိုက်ဖျက်ရေးကို ကြပ်မတ် ဆောင်ရွက်ပေးဖို့ လူပေါင်း ထောင်နဲ့ချီ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိ ကာလဟာ မနှစ်တုန်းက ဖြစ်ပွားခဲ့ပြီး နှစ်ပတ်လောက် ကြာမြင့်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေတာကြောင့် ဂျကာတာမှာ လုံခြုံရေးတွေလည်း တင်းကျပ်ထားခဲ့ပါတယ်။
အခုနှစ်မှာ ဆန္ဒပြသူတွေကတော့ အစောပိုင်းမှာ လိုလားချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုခဲ့ပေမယ့် အဲဒီနောက် တချို့တွေက ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကို စတင်လာပါတယ်။ ဆန္ဒပြသူတွေက ရဲကင်းတစ်ခုနဲ့ မော်တော်ဆိုင်ကယ် နှစ်စီးကို မီးရှို့ခဲ့ပြီး လမ်းတွေကိုလည်း ပိတ်ဖို့ ကြိုးစားခဲ့ကြောင်း ရဲတွေက ပြောပါတယ်။
ဒါ့အပြင် လုံခြုံရေး ဖြန့်ကျက်ထားတဲ့ ရဲတွေကို ခဲနဲ့ပစ်ပေါက်ကြပြီး ရဲတွေကလည်း မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးနဲ့ တုံ့ပြန်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။ ညပိုင်းအထိ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ နေရာတွေမှာ အော်ဟစ်သံတွေ၊ ပေါက်ကွဲသံတွေ ဆူညံနေခဲ့ပါတယ်။

Public Service Announcement
ဩဂုတ် ၂၈ ရက်နေ့မှာတော့ မြို့ရဲ့ ရထားပြေးဆွဲမှု လမ်းကြောင်းတချို့ကို ရပ်တန့်ထားပြီး တချို့ကိုလည်း လမ်းကြောင်းတွေ ပြောင်းလဲစေခဲ့ပါတယ်။ ဒါ့အပြင် လုံခြုံရေး တင်းကျပ်ထားရာ လွှတ်တော် တဝိုက်မှာ လမ်းတွေ ပိတ်နေလို့ ဘတ်စ်ကား ပြေးဆွဲမှုတွေ ဒုက္ခရောက်နေလို့ ယာဉ်မောင်းတွေက ပြောပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ ရလဒ် ပြတ်ပြတ်သားသားနဲ့ အနိုင်ရခဲ့ပေမယ့် လူထုရဲ့ ယုံကြည်မှု ကျဆင်းလာတာကို ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့နှစ်က ၂ ပတ်ကြာ ဖြစ်ပွားခဲ့ပြီး အဓိကရုဏ်း အခြေအနေတွေကြောင့် လူ ၄ ဦး သေဆုံးခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကတော့ ပရာဘိုဝိုရဲ့ အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ် ဆန်းစစ်မှု ဖြစ်လာပါတယ်။
ဩဂုတ် ၂၇ ရက်နေ့ကတော့ ဆူပူမှုတွေ ကျူးလွန်သူ ၆၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဂျကာတာ ရဲတပ်ဖွဲ့က ကြေညာပါတယ်။ အဖမ်းခံရသူတွေဆီကနေ လေသေနတ်တွေ၊ ဆက်သွယ်ရေး စကားပြောစက်တွေနဲ့ မိုလိုတော့ဗ် ပုလင်းဗုံးလုပ်မယ့် ပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြတယ် ဆိုတာကို အကြောင်းပြချက်ပေးပြီး ဖျက်ဆီးမှုတွေ ကျူးလွန်တာ၊ လူထု အထိတ်တလန့်ဖြစ်အောင် ကြံစည်တာတွေကို လက်ခံပေးလို့ မရကြောင်း ဂျကာတာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဘူဒီ ဟာမန်တိုက ပြောကြားသွားပါတယ်။
ကိုးကား: Reuters


















































