Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ပေါ်ရေကြီးမှုအတွင်း ပျောက်ဆုံးခဲ့သူတွေအတွက် နီပေါမှာ အလောင်းမပါတဲ့ နာရေးတွေ ပြုလုပ်

တောင်ပေါ် ရေကြီးမှု ဖြစ်ရပ်ဆိုးကြီးမှာ ပျောက်ဆုံးနေသူ နီပေါနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေဟာ ရုပ်အလောင်းတွေ မရှိတဲ့ နာရေး အစီအစဉ်တွေကို လုပ်ဆောင်နေရပါတယ်။

ဓာတ်ပုံ - AP

တောင်ပေါ် ရေကြီးမှု ဖြစ်ရပ်ဆိုးကြီးမှာ ပျောက်ဆုံးနေသူ နီပေါနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေဟာ ရုပ်အလောင်းတွေ မရှိတဲ့ နာရေး အစီအစဉ်တွေကို လုပ်ဆောင်နေရပါတယ်။

တိဘက်ကုန်းမြင့်ဒေသနဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအပြီး ၇ ရက်အကြာ စက်တင်ဘာ ၁ ရက်နေ့မှာတော့ နီပေါက မိသားစု အများအပြားဟာ ကွယ်လွန်သူတွေရဲ့ ဝိညာဉ်တွေ ကျွတ်လွတ်စေဖို့ ရိုးရာထုံးတမ်း ယုံကြည်မှုနဲ့အညီ နာရေး အစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။

ရုပ်အလောင်းတွေ ရှာမတွေ့သေးပေမယ့်လည်း လက်ရှိပျောက်ဆုံးနေသူတွေအတွက် မျှော်လင့်ချက် မရှိတော့ဘူးလို့ မိသားစု အများစုက လက်ခံလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ဘက်ဂ်မာတီ မြစ်ကမ်းဘေးက ပါရှူပါတီ ဘုရားကျောင်းမှာတော့ မိန်းကလေးငယ် တစ်ဦးဟာ ပျောက်ဆုံးနေသူ ဖခင်ရဲ့ ပုံတူပန်းချီကို မီးရှို့ပြီး သင်္ဂြိုဟ်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေတာကို တွေ့ခဲ့ရပါတယ်။

သူ့ရဲ့ဖခင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ခရစ်ရှ်နား ရှရတ်ရှားဟာ ရေကြီးမှုဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ ရာဆူဝါ ဒေသထဲမှာ ပျောက်ဆုံးသွားခဲ့တာပါ။ ရင်ခွဲရုံတွေ၊ အလောင်းတွေ့တဲ့ နေရာတွေအနှံ့ လိုက်ရှာခဲ့ပေမယ့် ရာဆူဝါကို လုံးဝ ပြန်မတွေ့တော့ဘူးလို့ မိသားစုက ပြောပါတယ်။ နောက်ဆုံးမှာတော့ မိသားစုဝင်တွေ စည်းဝေးတိုင်ပင်ပြီး ရာဆူဝါ သေဆုံးသွားပြီလို့ လက်ခံခဲ့ကြသလို သူ့ရဲ့ဝိညာဉ် လွတ်မြောက်စေဖို့ နာရေး အစီအစဉ် ပြုလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရေခဲမြစ် ကျိုးပျက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရုတ်တရက် ရေကြီးမှုအပြီး နီပေါမှာ အလောင်း ၉၅၀ ကျော် ရှာတွေ့ထားပြီး နိုင်ငံခြားသား အများအပြား အပါအဝင် ၄၂၀၀ ကျော် ပျောက်ဆုံးနေပါတယ်။ တိဘက်မှာတော့ ၁၆ ဦး သေပြီး ၅၄၀ ကျော် ပျောက်ဆုံးနေတယ်လို့ ကြေညာထားပါတယ်။ အိန္ဒိယ အာဏာပိုင်တွေကတော့ ရေစီးနဲ့အတူ မျောပါလာဟန်ရှိတဲ့ အလောင်း ၇ လောင်းကို နိုင်ငံပိုင်နက်ထဲမှာ ရှာတွေ့ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ထရပ်ကားမောင်းသူ ချန်ဒရာ ဗဟာဒူး နီဝါရဲ့ မိသားစုဟာလည်း စက်တင်ဘာ ၁ ရက်နေ့က နာရေးအစီအစဉ် ကျင်းပခဲ့ကြပါတယ်။ နီပေါ-တိဘက် နယ်စပ်မှာ အလုပ်လုပ်နေတဲ့ နီဝါဟာ ဇနီးဆီကို မနက်တိုင်း ဖုန်းခေါ်လေ့ ရှိပါတယ်။ ဩဂုတ် ၂၆ ရက် မနက်ပိုင်းမှာတော့ နီဝါဆီက ဖုန်းဆက်မလာပေမယ့် သူ့ဇနီးကတော့ နီဝါ အရမ်း အလုပ်များနေတာကြောင့်လို့ပဲ တွေးခဲ့ပါတယ်။ နောက်တော့မှ ရေကြီးတဲ့ သတင်းကို သိရပြီး စိတ်ပူလို့ ဖုန်းဆက်ခဲ့ပေမယ့် နီဝါက ဘယ်တော့မှ ဖုန်းမကိုင်တော့ပါဘူး။

ဒီအတောအတွင်း ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဘယ်သူဘယ်ဝါ မခွဲခြားနိုင်တဲ့ အလောင်းတွေကို စုပုံပြီး မြှုပ်နှံရတာမျိုးတွေ ရှိနေပါတယ်။ နီပေါမှာ ရေခဲတိုက်တွေ လုံလုံလောက်လောက် မရှိတာကြောင့် အလောင်းတွေက ပုပ်ပွစ ပြုလာတဲ့အတွက် မဖြစ်မနေ သင်္ဂြိုဟ်ဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ အာဏာပိုင်တွေကတော့ နောင်တစ်ချိန် အလောင်းတစ်ခုစီက ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ရင် မိသားစုက သေချာ သင်္ဂြိုဟ်နိုင်စေဖို့ ရည်ရွယ်ပြီး DNA နမူနာတွေတော့ ရယူထားကြောင်း ပြောပါတယ်။

မာဆန်ဒန်ဂိုလ်ရဲ့ မိသားစုကတော့ ခတ္တမန္ဒူ မြို့တော်မှာ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခွင့် ရခဲ့ပါတယ်။ ရွာလုံးကျွတ် ပျောက်ကွယ်သွားတဲ့ ဘက်ထရာဝါတီရွာမှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ လက်တစ်ဆုပ်စာလောက်မှာ ဒန်ဂိုလ်လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ ရက်အကြာမှာတော့ သူဟာ အဆုတ်ထဲ ပိုးဝင်ပြီး သေဆုံးသွားပါတယ်။ အစောပိုင်းတုန်းကတော့ ဒန်ဂိုလ်ရဲ့ ပျောက်ဆုံးနေတဲ့ မိဘတွေ၊ ဇနီး၊ သမီးတို့ကို ရှာတွေ့မှ အားလုံးကို တူတူ သင်္ဂြိုဟ်ပေးဖို့ ဆွေမျိုးတွေက စဉ်းစားထားခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံကတော့ နေရာလွတ် မကျန်တော့လို့ ရုပ်အလောင်းကို ကြာကြာ ထိန်းသိမ်းပေးမထားနိုင်ကြောင်း အသိပေးလာတဲ့အတွက် ဒန်ဂိုလ် တစ်ဦးတည်းကိုပဲ သင်္ဂြိုဟ်ခဲ့ရတာပါ။

ပျောက်ဆုံးနေသူတွေရဲ့ အလောင်းတွေကို ရှာတွေ့ဖို့လည်း ဖြစ်နိုင်ခြေ မရှိသလောက် နည်းနေကြောင်း၊ ဒါကြောင့်လည်း သူ့အစ်ကိုရဲ့ အလောင်းကိုပဲ အရင် မီးသင်္ဂြိုဟ်ဖို့ ဆွေမျိုးသားချင်းတွေက ဆုံးဖြတ်ခဲ့ကြောင်း ဒန်ဂိုလ်ရဲ့ ဝမ်းကွဲညီ တစ်ဦးက ပြောပြခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီး ရေဘေးနဲ့မြေပြိုမှုဘေး ရင်ဆိုင်နေရပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်းက ငါးသိုင်းချောင်း-အိုင်သပြုလမ်းပိုင်းမှာ ရေဘေးအလှူသွားတဲ့ လှေမှောက်ပြီး လူ ၃ ဦးသေဆုံးသွားလို့ ငါးသိုင်းချောင်းမြို့ဟာ ဧရာဝတီတိုင်း ရေဘေးအတွင်း သေဆုံးသူအများဆုံးဒေသဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

တောင်ပေါ် ရေကြီးမှုအပြီး အလုပ်သမား ၆၀၀ ကျော် ပိတ်မိနေတယ်လို့ ယူဆရတဲ့ ဥမင်တွေကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက တစ်ဆင့်ချင်း ဖောက်ခွဲရင်း ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေပါတယ်။