Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က ဘယ်တော့မှ မမေ့ဘူးလို့ 9/11 နှစ်ပတ်လည်မှာ ထရမ့်ပြောကြား

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်မှုကြီးအတွင်း လူအများဆုံး သေဆုံးခဲ့ရာ နယူးယောက်မြို့က အခမ်းအနားကို အမေရိကန် သမ္မတ အများစုက 9/11 နှစ်ပတ်လည်နေ့တွေမှာ တက်ရောက်လေ့ ရှိပေမယ့် ထရမ့်ကတော့ ပင်တဂွန် စစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့တုန်းက အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားတွေဟာ ခရီးသည်တင် လေယာဉ်တွေကို စီးနင်းပြီး အသေခံ ဝင်တိုက်စေခဲ့တာကြောင့် နယူးယောက်မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေး စင်တာ (WTC) အမြွှာမျှော်စင်ကြီး ပြိုကျခဲ့ပါတယ်။ အလားတူ ပင်တဂွန် စစ်ဌာနချုပ်ကိုလည်း အပိုင်စီးထားတဲ့ လေယာဉ်တစ်စီးနဲ့ ဝင်တိုက်တာ ခံခဲ့ရပြီး အိမ်ဖြူတော်၊ ဒါမှမဟုတ် လွှတ်တော်ဆီ ဦးတည်ပျံသန်းခဲ့တယ်လို့ ယူဆရတဲ့ လေယာဉ်ကတော့ ခရီးသည်တွေ ခုခံမှုအတွင်း ပျက်ကျသွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ် တစ်ခုလုံးမှာ လူပေါင်း ၂၉၇၇ ဦး အသက်ဆုံးရှုံးခဲ့သလို လေယာဉ် အပိုင်စီးသမား ၁၉ ဦး သေဆုံးခဲ့ပါတယ်။

9/11 တိုက်ခိုက်မှုဟာ ကမ္ဘာ့လေကြောင်း လုံခြုံရေး အစီအမံနဲ့ ကျင့်ထုံးတွေကို အကြီးအကျယ် ပြောင်းလဲသွားစေသလို နောက်ထပ် နှစ်ပေါင်း ၂၀ ကြာမြင့်တဲ့ အာဖဂန် နစ္စတန် စစ်ပွဲကိုလည်း အမေရိကန်က စတင်ဆင်နွှဲဖို့ အဓိက အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

9/11 ဖြစ်စဉ်ကြောင့်ပဲ အကြမ်းဖက်ဝါဒကို အမေရိကန်က စစ်ဆင်နွှဲနေခဲ့တာ ဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ကွယ်လွန်သူတွေကို တိုင်တည်ပြီး ပြောဆိုခဲ့တဲ့ သံန္နိဋ္ဌာန် စကားတစ်ခွန်းကို အမေရိကန်က ဒီနေ့မှာ ထပ်လောင်း အတည်ပြုခဲ့ကြောင်း၊ အမေရိကန်ဟာ ဒီကိစ္စကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်သလို အဲဒါကြောင့်ပဲ ဒီနေ့ထိ ဆက်လက် တိုက်ခိုက်နေတာဖြစ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ရည်မှန်းချက်တွေအတွက် အောင်မြင်မှုကို ရအောင်ယူဖို့ကလွဲပြီး အမေရိကန်မှာ တခြားရွေးစရာ မရှိကြောင်း၊ အမေရိကန်ဟာ ကြိုးကြိုးစားစားနဲ့ အနိုင်ရအောင် ဆက်လက် တိုက်ပွဲဝင်နေကြောင်းလည်း ထရမ့်က ဆိုပါတယ်။

အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်၊ သက်ရှိထင်ရှား သမ္မတဟောင်းတွေဖြစ်တဲ့ ဂျော့ဂျ်ဒဗလျူဘုရှ်၊ ဂျိုးဘိုင်ဒန်၊ ဘီလ်ကလင်တန်နဲ့ ဘာရတ် အိုဘားမားတို့ကတော့ နယူးယောက်မြို့ WTC အဆောက်အအုံ နေရာဟောင်းမှာ ကျင်းပတဲ့ အောက်မေ့မှု အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဘုရှ်ဟာ သူ့လက်ထက်မှာ 9/11 တိုက်ခိုက်မှုကြီးကို ကြုံတွေ့ခဲ့ရသူ ဖြစ်ပါတယ်။

နယူးယောက်မြို့ရဲ့ ပထမဆုံး မွတ်ဆလင် မြို့တော်ဝန် ဖြစ်လာသူ ဇိုဟ်ရန် မမ်ဒါနီကိုလည်း WTC နေရာဟောင်းနားမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ တွေ့ခဲ့ရပါတယ်။ မမ်ဒါနီဟာ 9/11 အောက်မေ့မှု အခမ်းအနားနဲ့ ဝေးဝေးနေသင့်ကြောင်း လှုပ်ရှားတောင်းဆိုမှုတစ်ခု ရှိခဲ့ပေမယ့်လည်း မြို့တော်ဝန်ကတော့ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တောင်းဆိုမှုကိုတော့ လက်ယာယိမ်း New York Post သတင်းစာက မြို့တော်ဝန်ဟောင်းနဲ့ ထရမ့်ရဲ့ မဟာမိတ် တစ်ဦးဖြစ်သူ ရူဒီ ဂူလီယာနီနဲ့ ပူးပေါင်းပြီး ဦးဆောင်ဦးရွက် ပြုခဲ့ပါတယ်။ ‘အမေရိကန် အဖွဲ့အစည်းတွေအပေါ် အလေးမထားသူတွေ၊ အစွန်းရောက် ဝါဒကို လုံလောက်တဲ့ ဆန့်ကျင်မှုမျိုး မရှိသူတွေနဲ့ မမ်ဒါနီက ဆက်နွှယ် ပတ်သက်နေတယ်’ဆိုတဲ့ စွပ်စွဲချက်အပေါ် အခြေပြုထားတဲ့ တောင်းဆိုမှုအတွက် လူပေါင်း ၁ သိန်းကျော်ဆီက ထောက်ခံ လက်မှတ်တွေလည်း ရရှိခဲ့ပါတယ်။

တစ်ဖက်မှာတော့ မမ်ဒါနီဟာ 9/11 ဖြစ်စဉ်အပြီး နယူးယောက်မြို့ရဲ့ မက်ဟမ်တန် ဧရိယာမှာ လေထုအရည်အသွေး ထိခိုက်သွားပြီး အဆိပ်အတောက် ပါဝင်မှုတွေ မြင့်တက်လာမှန်း အာဏာပိုင်တွေက သိရှိထားခဲ့ကြောင်း စာရွက်စာတမ်း အမြောက်အမြားကို ထုတ်ပြခဲ့တာကြောင့် ချီးကျူးထောမနာမှုတွေလည်း ခံယူရရှိနေပါတယ်။

WTC ပြိုကျမှုအပြီး လေထုထဲမှာ ဖုန်နဲ့ အဆိပ်အတောက် အမှုန်အမွှားတွေဟာ လအတော်ကြာ တည်ရှိနေပြီး အကျိုးဆက်အဖြစ် ကင်ဆာရောဂါ ဖြစ်ပွားသူတွေ ရှိခဲ့ပြီး နောက်ဆက်တွဲ သက်ရောက်မှုတွေကို ဒီနေ့ထိ ထောင်နဲ့ချီတဲ့ နယူးယောက် ဒေသခံတွေ ရေရှည်ထိခိုက် ခံစားနေရဆဲလို့ ဆိုပါတယ်။

9/11 ဖြစ်စဉ်မှာ လေယာဉ် ၄ စီး အပိုင်စီးခံခဲ့ရပြီး ၂ စီးက WTCကို ဝင်တိုက်ခဲ့သလို ၁ စီးက ပင်တဂွန်ကို တိုက်ခိုက်ခဲ့ပါတယ်။ ကျန်တဲ့ ၁ စီးကတော့ ဝါရှင်တန်ဒီစီ မြို့တော်ဖက် ဦးတည်ပျံသန်းရင်း ပင်ဆယ်လ်ဗေးနီးယားမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကမ္ဘာကျော် 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးအတွင်း ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှုစင်တာ (WTC) အမြွှာမျှော်စင်ရဲ့ ပုံရိပ်ကို ထောင်နဲ့ချီတဲ့ ဒရုန်းတွေ အသုံးပြုပြီး ဖော်ပြခဲ့ပါတယ်။

သတင်း

ကြားကာလ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် အနိုင်ရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅၀၀၀ စီ ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။