ရုရှားရဲ့ ဂျက်အင်ဂျင် တပ်ထားတဲ့ ဒရုန်းတွေကို ကြားဖြတ် ဟန့်တားနိုင်တဲ့ ဒရုန်းခွင်းဒရုန်း အသစ်တွေကို ယူကရိန်းက စတင် အသုံးပြုနေပြီလို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားက ပစ်ခတ်တဲ့ ဒရုန်းအများစုကို အောင်အောင်မြင်မြင် တားဆီးပစ်ချနိုင်ပေမယ့် နောက်ပိုင်းမှာတော့ ရုရှားက ဂျက်အင်ဂျင် တပ်ထားတဲ့ ဒရုန်းတွေကို ပိုမို အသုံးပြုလာတဲ့အခါ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။ အဲဒီ ဒရုန်းတွေဟာ အီရန်က ထုတ်လုပ်တဲ့ နည်းပညာနိမ့် Shahed ဒရုန်းတွေကို အခြေပြုပြီး အဆင့်မြှင့် ဖန်တီးထားတာပါ။
ဂျက်တပ်ဒရုန်းတွေဟာ မြန်နှုန်းမြင့်မြင့် ပျံသန်းနိုင်တာကြောင့် ယူကရိန်းက အသုံးပြုနေတဲ့ ဒရုန်းဖျက် လက်နက်စနစ်ရဲ့ ခဲယမ်းတွေက လိုက်မမီနိုင်ဘဲ လွတ်ထွက်ကုန်ပါတယ်။ ရုရှားရဲ့ ဂျက်တပ် ဒရုန်းတွေဟာ လေကြောင်း ကာကွယ်ရေး အစီအမံတွေမှာ ခေါင်းခဲစရာ ဖြစ်လာနေတယ်လို့ ယူကရိန်း စစ်ဘက် အရာရှိတွေကလည်း ဝန်ခံထားပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ ဇီလန်စကီးက ယူကရိန်းဟာ အဲဒီဂျက်တပ် ဒရုန်းတွေကို ကြားဖြတ် ဟန့်တားနိုင်မယ့် လေကြောင်းကာကွယ်ရေး ဒရုန်းအသစ် တစ်မျိုးကို စသုံးနေပြီး အောင်မြင်မှုတွေလည်း ရနေကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
ယူကရိန်း ထောက်လှမ်းရေးဌာန SBUရဲ့ အကြီးအကဲ အိုလက်ခ်ဇန္ဒာ ပေါ့ခ်လက်ဒ်ဆီက စစ်ဆင်ရေး အစီရင်ခံချက်တွေကို လက်ခံ ရရှိခဲ့ကြောင်း၊ ယူကရိန်း အနေနဲ့ ဂျပ်တပ် Shahed ဒရုန်းတွေကို ကြားဖြတ် ဟန့်တားနိုင်မယ့် ကာကွယ်ရေး ဒရုန်း အမျိုးအစားသစ်ကို စတင် အသုံးပြုနေပြီး အားတက်စရာ ရလဒ်တွေလည်း ရှိနေကြောင်း ဇီလန်စကီးက ဆိုပါတယ်။
အဲဒီ ကြားဖြတ် ဟန့်တားရေး ဒရုန်းကို ပိုမို အဆင့်မြှင့်ရင်း၊ အရေအတွက် တိုးချဲ့ ထုတ်လုပ်ရင်း ယူကရိန်းအတွက် ပိုပြီး အားကောင်းတဲ့ ကာကွယ်မှု စွမ်းရည်ကို တည်ဆောက်သွားမယ်လို့လည်း ဇီလန်စကီးက ပြောပါတယ်။
ပြီးတော့ နိုင်ငံရဲ့ လေပိုင်နက် လုံခြုံရေးအတွက် အစွမ်းရှိသမျှ အပတ်တကုတ် ကြိုးစားနေတဲ့ အင်ဂျင်နီယာတွေ၊ ကာကွယ်ရေး နည်းပညာ ကုမ္ပဏီတွေကိုလည်း သူက ချီးကျူးခဲ့ပြီး ကျေးဇူးတင်စကားလည်း ဆိုခဲ့ပါတယ်။
နောက်ပြီး ဇီလန်စကီးက ယူကရိန်းဟာ ရုရှားပိုင်နက် အတွင်းထဲထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် တိုက်ခိုက်နိုင်တဲ့ တာဝေး စစ်ဆင်မှု စွမ်းရည်ကိုလည်း ဆက်လက် ချဲ့ထွင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
သူက ဩဂုတ်လဟာ ယူကရိန်းအတွက် စစ်ပွဲကာလတလျှောက် အရပ်သား သေဆုံးမှု အမြင့်ဆုံး လတစ်လ ဖြစ်ခဲ့ကြောင်းလည်း ဆိုပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် အဲဒီတစ်လအတွင်း အရပ်သား ၃၇၂ ဦး သေဆုံးခဲ့ပြီး ၂၃၄၉ ဦး ဒဏ်ရာရခဲ့ကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။
ကိုးကား: Kyiv Post



















































