Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမျိုးသမီး တစ်ဦးကို သတ်မှုနဲ့ ဂျပန်အခြေစိုက် အမေရိကန် မရိန်းတပ်သား အဖမ်းခံရ

ဂျပန်နိုင်ငံ တောင်ပိုင်းက အိုကီနာဝါကျွန်းမှာ အခြေစိုက်တဲ့ အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ တပ်သားတစ်ဦးဟာ လူသတ်မှု သံသယ တရားခံ အနေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

ဓာတ်ပုံ - AP

ဂျပန်နိုင်ငံ တောင်ပိုင်းက အိုကီနာဝါကျွန်းမှာ အခြေစိုက်တဲ့ အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ တပ်သားတစ်ဦးဟာ လူသတ်မှု သံသယ တရားခံ အနေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

အသက် ၂၀ အရွယ် အမျိုးသားဟာ နာဟာမြို့က ဟိုတယ်တစ်ခုမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးကို သတ်ဖြတ်ခဲ့တယ်လို့ ယုံကြည်ရတဲ့အတွက် ဖမ်းဆီးထားကြောင်း ဂျပန် ရဲတပ်ဖွဲ့က ဆိုပါတယ်။

နာဟာက ဟိုတယ်တစ်လုံးမှာ အောက်တိုဘာ ၃ ရက်နေ့တုန်းက အမျိုးသမီး အသတ်ခံရပြီး ပိုက်ဆံအိတ်ပါ အခိုးခံခဲ့ရတာလို့ မြို့ခံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိက အောက်တိုဘာ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဂျော့ဂျ်ဂလက်စ်ကတော့ သူဟာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အိုကီနာဝါ မြို့တော်ဝန်တို့နဲ့ စကားပြောခဲ့ပြီး ဂျပန်အမျိုးသမီး သေဆုံးမှုအတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေအတွက် အပြည့်အဝ ပူးပေါင်းကူညီပေးမယ်လို့ ကတိပေးထားကြောင်း လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက အခု ရာဇဝတ်မှုဟာ အရမ်းရက်စက် ကြမ်းကြုတ်လွန်းတဲ့ လုပ်ရပ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ ပြီးတော့ အမေရိကန် အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အဝ ပူးပေါင်းပါဝင်ဖို့၊ ဂျပန်အခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင်တွေကို စည်းကမ်းပိုင်း ပိုမိုတင်းကျပ်ဖို့၊ အလားတူ မှုခင်းတွေ ထပ်ပြီး ပေါ်ပေါက်မလာအောင် လိုအပ်တဲ့ ကိုင်တွယ်ကြပ်မတ်မှုတွေ လုပ်ဆောင်ပေးဖို့လည်း တကအိချိက တောင်းဆိုခဲ့ပါတယ်။

NHKနဲ့ ဂျပန်သတင်းဌာန တချို့က ဖော်ပြခဲ့တဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယိုတွေမှာတော့ နိုင်ငံခြားသား တစ်ဦးက သေဆုံးသူ အမျိုးသမီးနဲ့အတူ ဟိုတယ်ခန်းထဲ ဝင်သွားခဲ့ပြီး နောက်တော့ အမျိုးသမီးရဲ့ ပစ္စည်းတွေကို ယူဆောင်ပြီး တစ်ဦးတည်း ပြန်ထွက်သွားခဲ့တာကို တွေ့ရပါတယ်။

နောက်ပိုင်းမှာတော့ ရဲတွေဟာ ကင်မရာမှတ်တမ်းမှာ ပါတဲ့ အမျိုးသားကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒေသခံ ရဲစခန်းဆီ ခေါ်ဆောင်လာပြီး ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း NHKက ဖော်ပြခဲ့ပါတယ်။ သံသယ ရှိသူကတော့ သူ့အပေါ် စွပ်စွဲထားတာတွေကို ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။

အိုကီနာဝါဟာ အမေရိကန်ရဲ့ အရှေ့အာရှ ဒေသတွင်း အရေးအပါဆုံး စစ်အခြေစိုက်စခန်းတစ်ခု တည်ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဂျပန်မှာ အမေရိကန် ဖြန့်ကျက်ထားတဲ့ စစ်အင်အားက ၅၄၀၀၀ ဝန်းကျင် ရှိပါတယ်။

အမေရိကန် တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ မုဒိမ်းမှု၊ ရန်လို အကြမ်းဖက်မှု၊ ကားတိုက်ပြီး မောင်းပြေးမှု၊ အရက်မူးပြီး ကားမောင်းမှုစတဲ့ မှုခင်းတွေ မကြာခဏ ဖြစ်ပွားတာကြောင့် အိုကီနာဝါ ဒေသခံတွေဆီက ဝေဖန် ကန့်ကွက်မှုတွေ ရှိနေသလို မဟာမိတ် နှစ်နိုင်ငံကြားက ဆက်ဆံရေးမှာလည်း အထစ်အငေါ့တွေ ဖြစ်ပေါ်လေ့ ရှိခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

Trending

Facebook