နီပေါနိုင်ငံ အလယ်ပိုင်းက ကုန်းမြင့်ဒေသတွေမှာ ရေကြီးမှုတစ်ခု ကြုံတွေ့ခဲ့ပြီး အိမ်တွေ၊ အဆောက်အအုံတွေ၊ တံတားတွေ ရေစီးနဲ့ မျောပါ ပျက်စီးကုန်သလို လူ ၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့က မြစ်ညာဖက်မှာ ဖြစ်ပွားတဲ့ မြေပြိုမှု တစ်ခုကြောင့် ဘူဒီဂန်ဒါကီမြစ် ရုတ်တရက် ရေကြီးပြီး မြစ်ကမ်းဘေးက ကျေးရွာတွေ၊ အဆောက်အအုံတွေကိုပါ ရေလုံးတွေက တိုက်စားသွားခဲ့တာ ဖြစ်ပါတယ်။ အခုဖြစ်စဉ်မှာ အိမ်တွေ အလုံးလိုက် ရေထဲ မျောပါကုန်တဲ့အပြင် လမ်းနဲ့ တံတားတွေလို အခြေခံ အဆောက်အအုံတွေလည်း ပျက်စီးကုန်ပါတယ်။
လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ အပျက်အစီးတွေ သယ်ဆောင်လာပြီး ညစ်ပတ်နေတဲ့ ရေလုံးကြီးတွေက မြစ်ကမ်းဘေး လူနေဧရိယာတွေ၊ လမ်းတံတားတွေကို တိုက်စား ဝါးမျိုသွားတာ တွေ့ခဲ့ရပါတယ်။
နီပေါ အစိုးရဟာ ရေဘေးသင့် ဒေသတွေမှာ အကူအညီပေးဖို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် ၄၃၀ ကျော်ကို ဖြန့်ကျက်ပို့ဆောင်ထားကြောင်း သိရပါတယ်။

Public Service Announcement
အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက မြစ်ရေကြီးမှု သတိပေးချက်တွေကို မြစ်အောက်ပိုင်း ဧရိယာတွေဆီ အလျင်အမြန် ပေးပို့နိုင်ခဲ့ပြီး ကြိုတင် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ထားတဲ့အတွက် အသေအပျောက် နည်းပါးဖို့ တာဝန်ရှိသူတွေ မျှော်လင့်နေပါတယ်။
နီပေါစစ်တပ်ဟာ ရေကြီးပြီး နေရာတချို့မှာ ပိတ်မိနေသူ ၅၀ နီးပါးကိုလည်း ရဟတ်ယာဉ် ၄ စီး အသုံးပြုပြီး ကယ်ဆယ်ခဲ့ပါတယ်။
ပျက်စီးမှု တန်ဖိုး စုစုပေါင်းကို မသိရသေးပေမယ့် တံတား ၄ စင်းထက်မနည်း၊ ဆက်သွယ်ရေး တာဝါတိုင် ၂ ခု၊ ဓာတ်တိုင် ၅၀ ကျော်နဲ့ ရေအားလျှပ်စစ် စက်ရုံတစ်ခုက ပစ္စည်းကိရိယာတွေ ပျက်စီးခဲ့ကြောင်း ကနဦး သတင်းရရှိထားပါတယ်။
ဘူဒီဂန်ဒါကီမြစ်ဟာ ဩဂုတ် လကုန်ပိုင်းက တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နီပေါပိုင် ဘိုတီကော်ရှီ ဒေသမှာ ဖျက်အားပြင်း တောင်ပေါ်ရေကြီးမှုတွေ ဖြစ်ပေါ်စေခဲ့ရာ ထရိုင်ရှူလီ-နာယာရာနီ မြစ်ဝှမ်းနဲ့ ဆက်စပ်နေပါတယ်။ အဲဒီတုန်းက ရေကြီးမှုတွေကြောင့် နီပေါနဲ့ တိဘက်မှာ လူပေါင်း ၁၅၀၀ ဝန်းကျင် သေဆုံးပြီး ၅၀၀၀ ဝန်းကျင် ပျောက်ဆုံးခဲ့ပါတယ်။
ကိုးကား: BBC



















































